စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမော်မြို့ရှိစစ်ရှောင်များကို ဗန်းမော်မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း လက်မှတ်ထိုးခိုင်း

ကချင်ပြည်နယ် ဗန်းမော်မြို့ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသော စစ်ရှောင်များကို ဗန်းမော်မြို့မှ ထွက်ပြေးလာသူများမဟုတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံး က လက်မှတ်ထိုးခိုင်းခဲ့သည်ဟု စစ်ရှောင်များထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးက လက်မှတ်ထိုးခိုင်းခဲ့သော်လည်း ထောက်ပံမှုများ ရပ်တန့်သွားမည်ကို စိုးရိမ်သောကြောင့် လက်မှတ်မထိုးခဲ့ကြောင်း ဗန်းမော် စစ်ရှောင်တာဝန်ခံတစ်ဦးဖြစ်သည့် ဦးအင်ဒေါင်တန်ဂွန်းက ယခုလို ပြောဆိုသည်။

“အဲ့ဒါကဟုတ်ပါတယ်။ ဗန်မော်မြို့မှာ စစ်ရှောင်မရှိဘူးဆိုပြီး စစ်ရှောင်တာဝန်ခံတွေကိုခေါ်ပြီးမှ လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမယ့် ကျနော်က မထိုးလိုက်ဘူး။ တစ်ချို့ကထိုးလိုက်ကြတယ်။ ဘာလို့ မထိုးတာလဲဆိုတော့ စစ်ရှောင်တဲ့ကာလက ၁၀နှစ်ထဲမှာတောင်ဝင်နေပြီလေ။ ဘာလို့အခုမှ ထိုးခိုင်းကြတာလဲ။ ကျနောအမြင်နဲ့ပြောရမယ်ဆိုရင် ၂၀၂၀မှာ စစ်ရှောင်စခန်းများပိတ်သိမ်းရေးဆိုပြီး အစိုးရကပြောဆိုနေတာတွေရှိတယ်။ ပြီးရင်အဲ့လိုထိုးလိုက်လို့ စစ်ရှောင်တွေရဲ့အခွင့်အရေးတွေနဲ့ ထောက်ပံ့ရေးတွေ အကုန်ရပ်တန့်သွားမည်ကို စိုးရိမ်လို့မထိုးခဲ့တာပါ” ဟု ပြောဆိုသည်။

လက်ရှိ ဗန်းမော်တွင်ရှိနေသော စစ်ရှောင်များမှာ မိုးမောက်နှင့် မံစီမြို့နယ်မှ ထွက်ပြေးလာသူများ ဖြစ်ကြောင်းနှင့် ဗန်းမော်မှ မဟုတ်ကြောင်းသက်သေအဖြစ်သာ လက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့က ရှင်းပြခဲ့ကြောင်း ဦးအင်ဒေါင်တန်ဂွန်းက ပြန်လည်ရှင်းပြသည်။

လက်ရှိ ဗန်းမော်မြို့နယ်အတွင်း တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများမှာ ဗန်းမော်ခရိုင်အတွင်းရှိ မံစီမြို့နယ်နှင့် မိုးမောက် မြို့နယ်အတွင်းမှ စစ်ရှောင်များဖြစ်ကြပြီး စစ်ရှောင်စခန်း ၈ခုခန့်နှင့် စစ်ရှောင်လူဦးရေ ၈ထောင်ခန့်ရှိကြောင်း သိရသည်။

သို့သော်ဗန်းမော်မြို့တွင်းစစ်ရှောင်တာဝန်ခံတချို့ကိုမူ လက်မှတ် မထိုးခိုင်းသေးကြောင်း ထွယ်ဆန့်ယာန်စစ်ရှောင်စခန်းမှ တာဝန်ခံတစ်ဦး ဒေါ် ဘောက်ခေါန်က ယခုလို ပြောဆိုသည်။

“ကျမတို့စစ်ရှောင်စခန်းမှာက မထိုးခိုင်းသေးဘူး။ ဟိုဘက် Robert နှစ်ခြင်းကျောင်းမှာနေတဲ့ စစ်ရှောင်တွေကိုတော့ ထိုးခိုင်း တယ်လို့ကြားရတယ်။ ကျန်တဲ့ စခန်းတွေမှာ ထိုးခိုင်းတယ်လို့လည်း မကြားရဘူး။ သေချာတော့ မသိရဘူး”ဟုပြောဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ကောလဟာလတွေသာ ဖြစ်နိုင်ကြောင်း ကချင်သတင်းဌာန KNG ကို ပြန်လည် ပြောဆိုသည်။

“ဗန်းမော်ဘက်မှာ စစ်ရှောင်နဲ့ပတ်သက်ပြီး လက်မှတ်ထိုးခိုင်းတာတွေမရှိသလို အဲ့လိုလည်း မညွှန်ကြားထားပါဘူး။ လက်ရှိ ဗန်းမော်တို့ဘက်မှာလည်း စစ်ရှောင်ရှိနေတာပဲ။ ကျောက်စခန်းတို့မှာ ပြန်လည်နေရာချထားဖို့တောင် လုပ်နေပြီလေ။ ရှိရင်လည်းရှိတယ်လို့ပြောမှာဘဲ။ ရှိတာကို မရှိဘူးလို့လည်းမပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ စခန်းတွေရဲ့စားရင်းတွေက အတိအကျရှိနေတာဘဲ။ အဲ့ကြောင့် ကျနော်တို့လည်း မလုပ်ခိုင်းသလိုသူတို့လည်း လုပ်မှာမဟုတ်ပါဘူ။ ကောလ ဟာလတွေဘဲ ဖြစ်မှာပါ” ဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကိုမေးမြန်းရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

Show More

Related Articles

Back to top button