ရွေးကောက်ပွဲဆိုင်ရာသတင်း

သတင်းအမှား ဖြန့်ဝေပြောဆိုသည့် ၃ဦးကို KSPP တရားစွဲထား

ပြီးခဲ့သောရွေးကောက်ပွဲကာလ ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းမရရှိသေးသော ဒေသတချို့တွင် KSPP ပါတီနှင့်ပတ်သက်ပြီး သတင်းအမှားပုတ်ခတ်ပြောဆို ဖြန့်ဝေခဲ့သည့် လူပုဂ္ဂိုလ် ၃ ဦးကို ပါတီဘက်က တရားစွဲဆိုထားသည်ဟု စုံစမ်းသိရှိရသည်။

ပြည်နယ်အတွင်း ဝေးလံခေါင်ပါးပြီး အင်တာနက်လိုင်းမရရှိသေးသည့် ပူတာအို၊ နောင်မွန်းစသည့်မြို့နယ်များတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကို သတင်းအမှားဖြင့်ဖြန့်ဝေကာပုတ်ခတ်ပြောဆိုခဲ့သူ ၃ဦးကို နောင်မွန်းမြို့နယ်ရဲစခန်းတွင် နိုဝင်ဘာလ ၄ရက်နေ့ကတည်းကနေ အမှုဖွင့်တိုင်ကြားထားကြောင်း နောင်မွန်းမြို့နယ် KSPP ဥက္ကဌ ဦးဆန်နိုင်ဒီးရမ်ထံ က ပြောသည်။

“သူတို့က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ပေးတယ်။ နောက်ပြီး ဘာသာရေးနဲ့ လူမျိုးရေးကို ခေါင်းစဉ်တပ်ပြီး ပုတ်ခတ်ပေးတယ်။ KSPP ကို KIA က ပိုက်ဆံပေးပြီး ကျောထောက်နောက်ခံထောက်ပံ့ပေးထားကြောင်း ပြောဆိုခဲ့တယ်။ KSPP ပါတီကလည်း နိုင်ငံတော်က ခွင့်ပြုထားတဲ့ တရားဝင် မှတ်ပုံတင်ရ ပါတီမဟုတ်ဘူးလို့ ပုတ်ခတ်ပြောဆို ဖြန့်ဝေခဲ့တယ်။ ဒါကြောင့် တရားစွဲထားသည်”ဟု ပြောဆိုသည်။

ဦးဆန်နိုင်ဒီးရမ်သည် နောင်မွန်မြို့နယ်၏ KSPP ပါတီဥက္ကဌတစ်ဦးဖြစ်သလို ပါတီအောင်နိုင်ရေးအတွက ဦးဆောင်ခဲ့သူဖြစ်ကာ ယခုသတင်းအမှားဖြန့်ဝေပြောဆိုသူ ၃ ဦးကိုလည်း သူကိုယ်တိုင် တရားလိုပြုလုပ်ကာ ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်တိုင်ကြားထားသူဖြစ်သည်။

တရားစွဲခံနေရသူ ၃ ဦးမှာ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီအသင်း (WHG) ဥက္ကဌ(ငြိမ်း) ဦးထုံဖူးဒဂုဏ်အပါအဝင် ဦးဆားရ်ဝမ်ဖုန်နှင့် ဦးပီတာတို့ ဖြစ်သည်။

ထိုသူ ၃ ဦးကို ‘လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲမပေးဘဲနေရပြောဆိုလှုံဆော်ခြင်း’ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဂ)ဖြင့် အရေးယူပေးရန်တိုင်တန်းထားသော်လည်း တရားခွင်တွင် မရောက်သေသည့် အမှုဖြစ်သည့်အတွက် မည်သည့် ပုဒ်မမြောက်ကြောင်း အသေးစိတ်မသိရသေးကြောင်း ဦးဆန်နိုင်ဒီးရမ် က ပြောသည်။

နိုဝင်ဘာလ ၂၅ရက်နေ့ နောင်မွန်းမြို့နယ်ရဲစခန်းတွင် တရားလိုအပါအဝင် သက်သေ ၅ဦးကို စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ပူတာအိုခရိုင်သည် အင်တာနက် ဆက်သွယ်ရေးလိုင်းရရှိမှုနှုန်း နည်းပါးသော ဒေသဖြစ်သောကြောင့် ရွေးကောက်ပွဲ ကာလ သတင်းအမှားအများစုမှာ လူမှုစာမျှက်နာပေါ်ထက် မြေပြင်တွင် ပိုမိုပြန့်နှံခဲ့ကြောင်း KSPP ကိုယ်စားလှယ်လောင်းများက ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button