သတင်း

ပူတာအို ခရိုင် အသေးစားလုပ်ကွက်ကိစ္စ KNC ပါတီက နိုင်ငံတော်သမ္မတရုံးသို့ အိတ်ဖွင့်ပေးစာ ပို့

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်တွင် ရွှေနှင့် သတ္တုတူးဖော်ရေး အသေးစားလုပ်ကွက်များကို စနစ်တကျကြည့်ကြပ်ပေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က နိုင်ငံတော်သမ္မတရုံးသို့ ဒီဇင်ဘာလ ၁ ရက်နေ့ အိတ်ဖွင့်ပေးစာပို့ခဲ့သည်ဟု သိရသည်။

ပူတာအိုခရိုင်အတွင်း ရွှေနှင့်သတ္တုတူးဖော်ရေး အသေးစားလုပ်ကွက်တွေမှာ ဒေသခံများကိုသာ ဦးစားပေးလုပ်ကိုင်စေပြီး လုပ်ကွက်အသစ်ချပေးခြင်းများ လုံး၀ ရပ်တန့်ပေးဖို့ တောင်းဆိုသည့် အိတ်ဖွင့်ပေးစာဖြစ်သည်ဟု KNC ပါတီ ဥက္ကဌ ဒေါက်တာ ကောန်လ က ပြောသည်။

“ကျွန်တော်တို့ရဲ့ အဓိကအချက် အရေးကြီးဆုံးက ဧရာဝတီဖြစ်ကြီးရဲ့ ရေဝေရေလဲဒေသဖြစ်တဲ့ မေခ၊ မလိခ ဖြစ်ဝှမ်းသေသတွေ ထိခိုက်နစ်နာမှုကို ကာကွယ်ဖို့ အဓိကသော့ချက်ဖြစ်တယ်။ ဒါက ကချင်ပြည်နယ် တစ်ခုထဲအတွက်မဟုတ်ဘူး၊ ပြည်ထောင်စုမြန်မာနိုင်ငံလုံးအတွက်ဖြစ်တယ်။ တစ်ချို့ို ဘယ်လောက်ဆိုးလဲဆိုရင် မြေလွတ်မြေရိုင်းတွေမှာ သတ္တုတူးဖော်ခွင့် ဘာမှမရဘဲ ခိုးတူးတာတွေရှိတယ်။ ဥပဒေမဲ့ဆိုပေမဲ့ တကယ်လုပ်တဲ့အခါ စနစ်တကျ စီမံခန့်ခွဲပေးသင့်တယ်။ ကျွန်တော်တို့က လုံးဝမလုပ်ပေးစေချင်ဘူး။ လုပ်ကွက်တိုင်းမှာ ဒေသခံတွေကို ခန့်ထားမှု အလွန်အားနည်းတယ်။” ဟု ဒေါက်တာ ကောန်လက ပြောသည်။

အဆိုပါအိတ်ဖွင့်ပေးစာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မထိခိုက်စေရန်၊ မြေလွတ် မြေရိုင်းလျှောက်ထားသူများမှ ဥပဒေမဲ့ ဆောင်ရွက်ချက်များ ကာကွယ်ရန်၊ ဒေသခံလုပ်သားများအား တတ်နိုင်သမျှခန့်ပေးရန်၊ ဒေသခံများ၏ ကျေးရွာဂေဟစနစ်များ မထိခိုက်စေရန်၊ ရေချိုရင်းမြစ်များနှင့် မေခ၊ မလိခမြစ်များ၏ ရေဝေရေလဲဒေသများ မပျက်စီးစေရန် နှင့် အသေးစားလုပ်ကွက်အတွင်း အကြီးစားစက်ယန္တာယားများ ဆောင်ရွက်ခြင်းကန့်သတ်ပေးရန် စသည့် အချက်(၆)ချက် ပါဝင်တောင်းဆိုထားသည်ကို တွေ့ရသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်သဘာ၀ သယံဇာတ ဝန်ကြီး ဦဒရှီလဆိုင်းက ယခုလိုပြောဆိုသည်။

“အစိုးရဆိုတာက ပြည်သူတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းနှင့် ပြည်သူတွေရဲ့ဝင်ငွေရရှိရေးအတွက်ကို အမြဲတမ်းဒါတွေက သတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်းတွေနှင့်အတူ ဒါတွေကတော့ ဆောင်ရွက်ပေးရမှာပေါ့။ ကျွန်တော်တို့ တိုင်းဒေသ ပြည်နယ်အစိုးရလည်း ကိုယ့်ပြည်နယ်ရဲ့ဝင်ငွေရရှိဖို့ရယ် ဥပဒေလုပ်နည်းလုပ်ထုံးတွေနှင့်အတူ အကောင်အထည်ဖော်ဖို့တော့ ရှိမှာပေါ့နော်။ ခုလည်း သူတို့ဒေသမှာရှိတဲ့လူတွေက လျှောက်နေကြပါတယ်။ လျှောက်တဲ့ဟာတွေမှာ ကျွန်တော်တို့က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနေပါတယ်။” ဟု ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းက ပြောပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကချင်ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(SNU) မှ ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့နယ်များရှိ အသေးစားရွှေလုပ်ကွက်များအား ဒုတိယအကြိမ်ဖြင့် မြေပြင်ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာ ၂၇ ရက်နေ့တွင် အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ကြောင်းသိရသည်။

၎င်းအစီရင်ခံစာနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ နိုဝင်ဘာလ ၉ ရက်နေ့တွင် စီစစ်ကြပ်မတ်ဆောင်ရွက်သွားရန် ပြန်လည်အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ SNU အဖွဲ့မှ ဆက်လက်ပြီးှ ဝိုင်းမော်မြို့နယ်ရှိ သယံဇာတတူးဖော်လုပ်ကွက်များသို့ မြေပြင် ကွင်းဆင်းလေ့လာ စီစစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ SNU (Sub-National Coordination Unit) သည် အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင်သောအဖွဲ့ ဖြစ်သည်။

Show More

Related Articles

Back to top button