သတင်း

ကချင်မြောက်ဖျားပိုင်း နောင်မွန်းဒေသတွင် အင်တာနက်လိုင်းပေးရန် ဒေသခံ လူငယ်များတောင်းဆို

ကချင်ပြည်နယ်မြောက်ဖျားပိုင်းဒေသ နောင်မွန်းမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အမြန်ရရှိရန် ဒေသခံ လူငယ်များက တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

အခြေခံလူ့အခွင့်အရေး တန်းတူရရှိရေးအတွက် အင်တာနက်ခက်ခဲသောနေရာဒေသများတွင် အစိုးရအနေဖြင့် အင်တာနက် ရရှိအောင်အမြန်ဆောင်ရွက်ပေးရန် နောင်မွန်းလူငယ်များနှင့် ခါကာဘိုလူငယ်များပူးပေါင်းပြီး ဒီဇင်ဘာ ၂ ရက်နေ့ ပြုလုပ်ခဲ့သော လှုပ်ရှားမှုဓာတ်ပုံများသည် ဒီဇင်ဘာ ၈ ရက်နေ့ မှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပေါ်ထွက်ခဲ့သည်။

Khakabo Youth Organization ခါကာဘူလူငယ်

နောင်မွန်းမြို့နယ်တွင် ဆက်သွယ်ရေးအဖြစ် MPT ဖုန်းလိုင်းတစ်ခုတည်းသာရှိပြီး အင်တာနက် လိုင်းမရရှိသောကြောင့် လူငယ်များအတွက် လူမှုရေး၊ စီးပွားရေးနှင့် ပညာရေး နယ်ပယ်အသီးသီးတွင် နစ်နာဆုံးရှုံးမှုများရှိနေသည်ဟု နောင်မွန်ဒေသခံ ဦးဘီဆက် ဂျောင်လင်းက ယခုလိုပြောဆိုသည်။

“ကျနော်တို့ နောင်မွန်ဒေသမှာ အစိုးရက MPT ဖုန်းလိုင်းကိုပေးထားတယ်။ ဒါပေမယ့် 2G ဘဲပေးထားတယ်။ ဒါတောင်မှ မြို့နဲ့နီးတဲ့ ၃ရွာလောက်ပဲရတယ်။ နောက်ပြီး CDMA ကလည်း နေရာတိုင်းမှာမရပါဘူး။ အနည်းအကျဉ်းသာရတယ်။ နောင်မွန်းကနေ သွားရတဲ့ တောင်ပေါ်ဒေသတွင်မှာဆို လုံးဝမရသေးဘူး။ ယနေ့ချိန်ထိ သီးသန့်အထီးကျန်နေရပါတယ်။ ဒါကြောင့်အဓိကတောင်းဆို တာပါ”ဟု ဆိုသည်။

အင်တာနက်လိုင်းမရရှိသေးသည့်အတွက် လက်ရှိ တစ်နိုင်ငံလုံးဖြစ်ပွားနေသည့် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ကျန်းမာရေး သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီမရရှိသည့်အပြင် အင်တာနက်မရရှိ သရွှေ့ တိုးတက်ပြောင်းလဲမှုမရှိနိုင်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

“အဓိကတော့ လူငယ်တွေရဲ့ ပညာရေးတွေပေါ့။ အရင်ကတည်းကနေ တိုးတက်တယ် ပြောင်းလဲတယ်လို့သာပြောတာ။ ယနေ့ ချိန်ထိ တိုးတက်ပြောင်းလဲမှုဆိုတာမတွေ့ရဘူး။ နောက်ပြီး တစ်ချို့ပြည်နယ်နဲ့တိုင်းတွေက လူငယ်တွေဆိုရင် ကျောင်းတွေ ပိတ်ထားရင်လည်း အင်တာနက်ကနေ သင်ကြားပေးလို့ရတာပေါ့။ ကျနော်တို့ဘက်က လူငယ်တွေဆိုရင် ဘာအခွင့်အရေးမှ မရရှိသေးဘူး။ စာကြည့်တိုက်တွေလည်း မရှိတော့ လုံးဝလေ့လာခွင့် သင်ယူခွင့်မရတာက ပိုပြီး ဆိုးရွားတာပေါ့။ ဒါကြောင့် တာဝန်ရှိတဲ့ လူတွေအနေနဲ့ အမြန်ဆောင်ရွက်ပေးစေလိုတယ်”ဟု သူကဆက်လက်တောင်းဆိုထားသည်။

အင်တာနက်လိုင်းအမြန်ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကိုလည်း အကြိမ်ကြိမ်တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်း လက်ရှိချိန်ထိ မရရှိနိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။

Khakabo Youth Organization ခါကာဘူလူငယ်

လူငယ်များ၏ တောင်းဆိုမှုတွင် ‘နောင်မွန်မြို့နယ်ကိုလည်း အင်တာနက် ပေးပါ၊ အမိမြန်မာနိုင်ငံတော်ရဲ့ တိုးတက် ပြောင်းလဲမှုတွေကို သိခွင့်ပြုပါ၊ အင်တာနက်ပေးဖို့ အစိုးရမှာတာဝန်ရှိတယ်၊ ခါကာဘိုရာဇီရဲ့ ရေခဲတောင်မှာ လူရှိတယ်၊ အင်တာနက်ဆိုတာ ဖြူလား မဲလား၊ နောင်မွန်းလည်း ကမ္ဘာကြီးထဲကပါ’ စသော စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဓါတ်ပုံရိုက်ပြီး တောင်းဆိုခဲ့ကြသည်။

နောင်မွန်းမြို့နယ်သည် မြန်မာပြည်မြောက်ဖျားစွန်းပိုင်းတွင်ရှိသော ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။

 

Show More

Related Articles

Back to top button