မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရှဒူးဇွပ် ချောင်းရှင်းလင်းရေး အခမဲ့ ဆောင်ရွက်သော ကုမ္ပဏီကို ရွှေတူးဖော် ခွင့်ပြု

လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Ja Htu Zup) ကျေးရွာတွင် နှစ်စဉ်ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ချောင်းရှင်းလင်းရေးပြုလုပ်ရန် ခွင့်ပြုချက်ရရှိထားသောကုမ္ပဏီကို ဥပဒေနှင့်အညီ ရွှေ တူးဖော်ခွင့်ပြုထားသည်ဟု သိရသည်။

ချောင်းရှင်းလင်းရေးအတွက် ပြည်နယ်အစိုးရတွင် ဘတ်ဂျက်မပေးနိုင်သောကြောင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီကို ဥပဒေနှင့်အညီ ရွှေမိုက်ထုတ်ဖော်ခွင့်ပြုထားသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး ဒါရှီလဆိုင်းက KNG သတင်းဌာနကို ဖြေကြားခဲ့သည်။

“ဒီလုပ်ငန်းကို ဆောင်ရွက်ဖို့ ပြည်နယ်အစိုးရက ဘတ်ဂျက် မချပေးနိုင်ဘူး။ ကုမ္ပဏီဘက်ကလည်း အခမဲ့ လုပ်ပေးတာဖြစ်တဲ့အတွက် သူ့ရဲ့ကုန်ကျမယ့် စရိတ်တွေကိုလည်း ပြန်ပြီးထည့်သွင်းစဉ်းစားပေးရတာဖြစ်တယ်။ နောက်ပြီး ကုမ္ပဏီဘက်ကလည်း လုပ်ငန်း ဆောင်ရွက်ပြီးမှ ရရှိလာတဲ့ ရွှေမိုက်သတ္ထုကို ရယူဖို့ တရားဥပဒေနဲ့အညီတင်ပြထားတယ်။ တင်ပြထားတဲ့ပုံစံက ချောင်းရှင်းလင်းတဲ့ မြေစာပုံတွေကို ရွှေမိုက်ထုတ်ယူဖို့ ပုံစံကို တင်ပြထားတယ်။ ဒါကို ပြည်နယ်အစိုးရကလည်း လုပ်ပေးရမယ့် အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်တွေအများကြီး ကုန်ခံပြီး ချောင်းကြီးကို ရှင်းလင်းပေးတာဖြစ်တယ်။ ဒါကြောင့် အသိအမှတ်ပြုတဲ့အနေနဲ့ ခွင့်ပြုထားတာပါ” ဟု ဝန်ကြီး ဦး Dashi La Seng က ပြောဆိုသည်။

ရှဒူးဇွပ်ချောင်း ရှင်းလင်းရေးလုပ်ငန်းကို ထွန်းရတနာစိမ်း ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (TUN YADANAR SEINN GEMS & JEWELLERY CO., LTD) က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပြီးခဲ့သော နိုဝင်ဘာလ ၂၅ရက်နေ့မှစ၍ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေနဲ့ ၂၀၂၁ ခုနှစ် မိုးတွင်းကာလမရောက်မှီအတွင်း မိုးကောင်းချောင်းနှင့် ရှဒူးခချောင်း ၂ချောင်း၏ အထက်ပိုင်းနှင့်အောက်ပိုင်း ရေကြီးရေလျံဖြစ်စေနိုင်သော နေရာများတွင် စုစုပေါင်း ၅မိုင်ခန့်အပြီး ဆောင်ရွက်သွားမည်ဟု ပြည်နယ်အစိုးရကို တင်ပြထားကြောင်း သိရသည်။

ချောင်းရှင်းလင်းရေးဆောင်ရွက်သည့် လုပ်ငန်းခွင်တွင် ဒေသခံပြည်သူများအနေနဲ့ လက်ရှိလုပ်ကိုင်စားသောက်နေသည့် မြေနေရာဖြစ်ကြောင်း သက်အထောက်အထားတစ်စုံတရာမျှမရှိဘဲ ပြဿနာပေါ်ထွက်လာပါက လုံးဝတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ဝါရာဇွပ် (Warazup) အုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ယခုလိုပြောဆိုသည်။

“ရှဒူးဇွပ်ကျေးရွာမှာ မိုးတွင်းကာလမှာ နှစ်စဉ်ရေကြီးရေလျံကြုံတွေ့နေတာဖြစ်တဲ့အတွက် ချောင်းရှင်းလင်းရေးကို စတင်လုပ်ကိုင် နေပြီဖြစ်တယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဒေသခံတွေကြား မြေပြဿနာတွေ အချိန်မရွေးဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အုပ်ချုပ်ရေးမှူးအဖွဲ့ကနေ တကယ်ဘဲ လက်ရှိမျက်မြင်သက်သေ အသီးအနှံစိုက်ပျိုးထားတဲ့ မြေနေရာတွေကို ဘဲ ကုမ္ပဏီကလူတွေနဲ့ နစ်နာမှုမရှိအောင် တာဝန်ယူဖြေရှင်းပေးမှာဖြစ်တယ်။ ဘာသက်သေအထောက်အထားမှ မရှိတဲ့ မြေနေရာတွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူး”ဟု ဦး Slg. Naw Di ပြောဆိုသည်။

ဒေသခံပြည်သူများအနေနဲ့ ချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရန် အားလုံးသဘောတူခဲ့ကြသည့်အပြင် လုပ်ငန်းဆောင်ရွက်မှုတွင်လည်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ၂၈ဦးပါဝင်ကာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးနော်ဒီး က ဆက်လက်ပြောဆိုသည်။

ချောင်းရှင်းလင်းရေးကို ၄ပိုင်းခွဲထားသည့်အနက် တတိယအပိုင်းနှင့် စတုတ္ထအပိုင်းကြားဖြစ်သည့် ရှဒူးဇွပ်ကျေးရွာ၏ အောက်ပိုင်းဘက်ခြမ်း ဘန်ကောက်ကျေးရွာ၏ ရွာဦးထိပ်ပိုင်း မိုးကောင်းချောင်းနေရာတွင် ရှင်းလင်းရေးလုပ်ငန်းများစတင်နေပြီဖြစ်ရာ တစ်လအတွင်း ပေ ၄၀၀ခန့်ပြီးစီးထားကြောင်း ထွန်းရတနာစိမ်းကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးတာဝန်ခံ ဦးမောင်ထွန်းကယခုလိုပြောဆိုထားသည်။

“ကျနော်တို့ ဒီမှာလုပ်ငန်းစတာက တစ်လမရှိသေးဘူး။ အခက်အခဲတွေအများကြီးရှိနေတဲ့ထဲကနေ ဒီနှစ်မှာ ရေပြန်မမြုပ်အောင် သေချာလေးလုပ်နေတယ်။ အခုရှင်းလင်းပြီးတဲ့ အနေအထားက အရှည်ပေ ၃ ၊ ၄ ရာလောက်က ပြီးသွားပြီ။ လက်ရှိအချိန်က ရေကလည်း သိပ်မကျသေးတော့ ဗွက်တွေလည်းမြုပ်တဲ့အခြေအနေထဲမှာရှိနေတော့ လုပ်ရကိုင်ရတာ အင်မတန်မှ ခက်ခဲနေတယ်။ အဲ့ကြောင့် မိုးရွာထားတဲ့ မြေကြီးတွေနည်းနည်းခြောက်သွားမှဘဲ အထက်ပိုင်း ၂နေရာကို ပြန်ပြီးဝင်မယ်။ တစ်ပိုင်းပြီးတစ်ပိုင်း ဆက်လုပ်သွားမယ်ပေါ့” ဟု ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာ ရေကြီးရေလျှံမှုဖြစ်စေသော ကုန်းကျွန်း ၁၀ခုခန့်ကို စုစုပေါင်း ၁၅မိုင်ခန့်အထိ မြေစာပုံ ရှင်းထုတ်ရန်လိုအပ်နေပြီး စုစုပေါင်း ၃နှစ်ခန့်ကြာနိုင်ကြောင်း သူက ဆက်ပြောသည်။

“အာမခံတဲ့အပိုင်းမှာက အဓိကတော့ မိုးပေါ်မှာလည်း မူတည်တာပေါ့။ မိုးတအားကြီးရင်တော့ ရေကတော့ကြီမှာဘဲ။ မြေစာပုံရှင်းလင်းတဲ့နေရာမှာလည်း ကျနော်တို့မှန်းထားသလောက်က ၁ မိုင်လောက်ဘဲပြီးရင်တော့ အာမမခံနိုင်ဘူး။ ၅မိုင် ၇မိုင်ပြီးသွားရင်တောင်မှ ရေကြီးတာကို လျော့နည်းသွားမယ်လို့ယုံကြည်တယ်။ အဲ့လိုဘဲ ၇မိုင်စီ ၇မိုင်စီနဲ့ ၃နှစ်လောက်နဲ့ ၁၅မိုင်လောက်ရောက်သွားရင်တော့လုံးဝမမြုပ်နိုင်တော့ဘူး။ ရေဆွဲအားကောက်သွားရင်တော့ ရေမကြီးနိုင်တော့ဘူး။ ဟို ကားမိုင်းမြို့ထဲသို့ ဆွဲအားကောင်းသွားရင်တော့ လုံးဝစိတ်ချလို့ရပြီ ” ဟု ဆက်ပြောသည်။

ချောင်းရှင်းလင်းရေးလုပ်ငန်းကို တစ်နှစ်အတွင်း အပြီးဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရဘက်က ယာယီခန့်မှန်းထားသော်လည်း ကုမ္ပဏီဘက်မှ ဆက်လက်သက်တမ်းတိုး ရှင်းလင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တောင်းဆိုလာပါက ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဒရှီလဆိုင်း က ပြောသည်။

မိုးကောင်းချောင်းနှင့် ရှဒူးခချောင်း ၂ ခု ရှင်းလင်းရန်အတွက် ထွန်းရတနာစိမ်း ကျောက်မျက်ရတနာကုမ္ပဏီလီမိတက် က ဘက်ဟိုး (၂၂)စီး၊ ဝိလူဒါ (၂)စီးနှင့် မြေသယ်ယာဉ် အစီး ၄ဝ စသော စက်ယန္တရားကြီးများဖြင့် ၇လအကြာ ရှင်းလင်းရေးလုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း သိရသည်။

ယခုနှစ်အတွင်း ရှဒူးဇွပ်ကျေးရွာတွင် ရေကြီးရေလျံမှု ၃ကြိမ် ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း ရပ်ကွက် ၄ခုစလုံးရှိ နေအိမ်များသည် ၇ပေခန့်ထိ နှစ်မြုပ်သွားကာ အိမ်ခြေ ၃၀ခန့်ကလည်း မျော်ပါသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button