ရွေးကောက်ပွဲဆိုင်ရာသတင်း

ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှု မရှိကြောင်း မိုးကောင်းတွင် ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်အချို့က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် USDP ပါတီဝင် ၃၀ ကျော်ခန့်ပါဝင်ခဲ့ပြီး ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ယခုလိုပြောသည်။

“UEC က လုံးဝမတရားတာလေးတွေတွေ့မြင်နေရပါတယ်။ နောက် ကျနော်တို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမဲတွေမှာလည်း မဲလိမ်ခြင်း၊ မဲခိုးခြင်းတွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့လဲ ပြုလုပ်သွားတဲ့ UEC အဖွဲ့ကြီးကို ရူံ့ချပြီးတော့မှ ကောင်းမွန်တဲ့ UEC ဖြစ်စေချင်လို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် မသမာတဲ့နည်းနဲ့အာဏာယူဖို့ ကြိုးပမ်းတာကို ဆန့်ကျင်ကြ၊ ကြိုတင်မဲတွေ စစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး၊ မဲဆန္ဒရှင်စာရင်း စစ်ဆေးပေးရေး ဒို့အရေး၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မူတွေ ဆန့်ကျင်ကြ၊ မှန်ကန်မျှတမူမရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်အလိုမရှိ၊ ဥပဒေနဲ့မညီတဲ့ ရွေးကောက်ပွဲ ရလဒ်အလိုမရှိ၊ ကိုဗစ်ငွေကြေး မဲဆွယ်ပေးအလိုမရှိ၊ မဲခိုးမူတွေ စစ်ဆေးပေးရေး ဒို့အရေး၊ မဲလိမ် မဲခိုးမူ အလိုမရှိ၊ ၂၀၂၀ရွေးကောက်ပွဲ ကော်မရှင်အလိုမရှိ၊ လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပေးရေး ဒို့အရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မဲ မသမာမှုများရှိသည်ဟု ခံယူပါက ရွေးကောက်ပွဲအပြီး ၄၅ ရက်အတွင်း ကန့်ကွက်ရမည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်ကြောင်းခိုင်လုံပါက ဒုတိယအနိုင်ရသူက ကိုယ်စားလှယ်ပြန်ဖြစ်မည်ဖြစ်ကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဦးမျိုးမင်းဦးက ပြောသည်။

“ကန့်ကွက်ထားရင်တော့ လက်ရှိအနိုင်ရတဲ့ပုဂ္ဂိုလ်ဟာ ဒီလိုပြစ်မူတွေကျူးလွန်ထားတယ်ဆိုရင် မှန်တယ်၊ ခိုင်လုံတယ်ဆိုရင် သူ့ရဲ့အနိုင်က ပျက်ပြယ်ပြီးတော့ ဒုတိယရတဲ့သူက ကိုယ်စားလှယ်ဖြစ်သွားမှာပေါ့။ ဒါက ဥပဒေအရ သူတို့ကိုအခွင့်အရေးပေးထားတာပေါ့။ ခု လုပ်တဲ့သူက ကျနော်တို့အကြမ်းဖျင်းသိထားတာတော့ နောင်ကိုင်ကလို့ အကြမ်းဖျင်းသိထားတယ်။ ဘယ်လိုလူလဲ၊ ပါတီဝင်လားဘာလားတော့ သေချာမသိရသေးဘူး ရွေးကောက်ပွဲပြီးနောက်မှာ လာတိုင်တာလည်းမရှိသေးပါဘူး။” ဟု မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဦးမျိုးမင်းဦးက ပြောသည်။

မိုးညှင်းခရိုင်အတွင်း ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ မဲအယောင်ဆောင်ထည့်သည်ဟု တိုင်ကြားထားသည့်အမှုမှာ မိုးကောင်းမြို့နယ်တွင် ၂ မှု နှင့် မိုးညှင်းမြို့နယ်တွင် ၁ မှု ရှိခဲ့ကြောင်း သိရသည်။

ယင်းတိုင်ကြားထားသည့်အမူသည် ရဲအရေးပိုင်သောကြောင့် လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းများမှ ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်းခရိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၇၆ ဦးရှိခဲ့သည်။

Show More

Related Articles

Back to top button