သတင်း

ကချင်ရိုးရာ ယဉ်ကျေးမှုပြတိုက်တည်ဆောက်နိုင်ရန် WHG စီစဉ်နေ

ကချင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို မနောင်ကွင်းအတွင်း တည်ဆောက်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟို WHG မှ သိရသည်။

ထိုသို့တည်ဆောက်နိုင်ရန် လိုအပ်သော ငွေသားကျပ်သိန်း ၂သောင်းကျော်ကို ငွေလုံးငွေရင်းချပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် ထံသို့တင်ပြတောင်းဆိုထားသည်ဟု WHG ဥက္ကဌ ဦးလနူး က ယခုလိုပြောဆိုထားသည်။

“ကျနော်တို့အားလုံးသိတဲ့အတိုင်း ကချင်တစ်မျိုးသားလုံးဖြစ်တဲ့ မျိုးနွယ် ၆ခုကို ကိုယ်စားပြုတဲ့ စာကြည့်တိုက်နဲ့ ယဉ်ကျေးမှုပြတိုက်ကမရှိသေးတဲ့အတွက် ဒါကိုလိုအပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကချင်တစ်မျိုးသားလုံးဆိုပြီး နေ့ကြီးနေ့မြတ်တွေ မနောကွင်းမှာပြုလုပ်တဲ့အခါမှာ ဒီလိုပြတိုက်တွေဟာ အင်မတန်မှအရေးကြီးနေတယ်။ စုဆောင်းရမယ့် ပစ္စည်းတွေရှိနေတယ်။ ဒီလိုပြတိုက်တွေနဲ့မထားနိုင်တော့ ထိန်းသိမ်းရတဲ့အခက်အခဲတွေရှိတယ်။ ဒါကြောင့် ဒီစာကြည့်တိုက်နဲ့ ပြတိုက်တွေဟာ ကချင်လူမျိုးတွေရဲ့ ဖြစ်တည်မှုကိုအခြေခံတာဖြစ်တဲ့အတွက် မရှိမဖြစ် လိုအပ်တယ်။ ဒါကြောင့် တောင်းဆိုခဲ့တာဖြစ်တယ်”ဟု ပြောဆိုသည်။

ကချင်မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော့၊ ဇိုင်ဝါး၊ လာချိတ်၊ ရဝမ်၊ လီဆူ၊ လော်ဝေါ် စသည့် မျိုးနွယ် ၆ခုကို ကိုယ်စားပြုမည့် စာကြည့်တိုက်နှင့်ယဉ်ကျေးမှုပြတိုက်ကို လက်ရှိ အောင်လအင်ဆန်ကြေးရုပ်ထု၏အနောက်ဘက်ခြမ်းတွင် ဆောက်လုပ်ရန် သတ်မှတ်ထားကြောင်းသိရသည်။

စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက် ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၉ခုနှစ် ဦးထုံဖူးဒဂုဏ် ဥက္ကဌတာဝန် ယူခဲ့စဉ်ကပင် မျိုးနွယ် ၆ခု၏ တာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်းပင်ခဲ့ကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ စတင်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ထံ တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button