သတင်း

နမ်ကျင် ကျေးရွာအထက် လမ်းဘေးတောတစ်နေရာတွင် အမျိုးသမီးတစ်ဦး ဦးခေါင်းပြတ် သေဆုံးနေ

မြစ်ကြီးနားမြို့နယ်၊ နမ်ကျင်ကျေးရွာအထက်၊ တိုင်ယူးယန် လမ်းဘေးရှိတောတစ်နေရာတွင် ဦးခေါင်းမပါရှိတော့သည့် အမျိုးသမီးတစ်ဦး သေဆုံးထားကြောင်း အလောင်းသွားရောက်မြင်တွေ့ခဲ့သည့် နမ်ကျင်ဒေသခံ ဦးလယန်ဂွမ်ပန်ထံမှ သိရသည်။

“ကျနောတို့ကိုလည်း အဲဒီမှာမီးသွေးဖိုက လူနှစ်ယောက်က ထင်းခုတ်သွားရင်းတွေ့လို့ အကြောင်းကြားလာတဲ့အတွက် တိုင်ယူးယန်က တာဝန်ရှိတဲ့သူ ၃ယောက်ရယ်၊ နောက်ပြီး ကျနော်တို့ သူငယ်ချင်း ၂ယောက်နဲ့ မီးသွေးဖိုက နှစ်ယောက်သွားကြည့်တာပါ။ ကျနော်တို့သွားကြည့်တဲ့ချိန်မှာ သေဆုံးနေတဲ့အမျိုးသမီးကတော့ ခေါင်းမရှိတော့ဘူး။ သက်ဆိုင်ရာကိုအကြောင်းကြားထားပြီဆိုတော့ကျနော်တို့လည်း အဲလိုဘဲထားထားခဲ့တယ်။” ဟု ဦးလယန်ဂွမ်ပန်ကပြောသည်။

ယင်းအမျိုးသမီးသေဆုံးနေသည့် နေရာမလှမ်းမကမ်းတွင် ၁၂၅ ဆိုင်ကယ်အစိမ်းရောင်တစ်စီးရှိနေပြီး အမျိုးသမီးသည်လည်း အသတ်ခံထားရသည်မှာ တစ်လခန့်ရှိနိုင်ပြီဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

အဆိုပါ ကိစ္စအား နမ်ကျင်အုပ်ချုပ်ရေးမှူးအား မေးမြန်းရာတွင် နမ်ကျင်ဒေသသည် အလွန်ကျယ်ပြန့်သည့်အတွက် မည်သည့်နေရာတွင် သေဆုံးနေကြောင်း မသိရှိရသေးသဖြင့် အတိအကျဖြေဆိုနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

Show More

Related Articles

Back to top button