သတင်း

ရပ်ကျေး အုပ်ချုပ်ရေးမှူးများရွေးချယ်ရာမှာ မှတ်တမ်းနှင့်တကွ လုပ်ဆောင်မည်ဟု ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ်ရာတွင် အငြင်းပွားမူများမဖြစ်အောင် မှတ်တမ်းနှင့်တကွ လုပ်ငန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

“ရပ်ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့အချိန် အငြင်းပွားစရာ စောဒကတွေတက်မှာစိုးလို့ ဒီနေ့အုပ်ချုပ်ရေးမှူးတွေကို သင်တန်းပို့ချခြင်းဖြစ်တယ်။ တစ်ချို့ကဥပဒေကို မသိဘူး ကြေညာတော့ ကြေညာထားတယ်။ ခရီးတွေလွန်နေတယ် ပြီးလည်းပြီးရော အုပ်ချုပ်ရေးမှူးရွေးဖို့ ကြီးကြပ်ရေးအဖွဲ့ဖွဲ့တာမသိလိုက်ဘူး။ ဆယ်အိမ်မှူးရွေးတာလည်းမသိလိုက်ဘူး။ နောက်ဆုံးအုပ်ချုပ်ရေးမှူး ရွေးပြီဆိုမှ ကျနော်တို့တစ်ခါမှမဲမပေးရသေးဘူးဖြစ်လာမယ်။ အဲလိုတွေဖြစ်မယ်စိုးလို့ ခုကတည်းက အသိပညာတွေပေးမယ် လက်ကမ်းစာစောင်တွေပေးမယ် အဲဒါတွေကမှတ်တမ်းဘဲ အဲမှတ်တမ်းနဲ့ဘဲ အလုပ်လုပ်သွားမယ်။” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရန် ပြည်သူများအနေဖြင့် သိထားသင့်သောအချက်များကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ အိမ်တိုင်ရာရောက် အသိပညာပေးလုပ်ဆောင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ လက်ရှိတာဝန်ထမ်းဆောင်နေသောအုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူးအသစ်ပြန်လည်ရွေးချယ်ရာတွင် မဲဆွယ်စည်းရုံးခွင့်မရှိကြောင်းနှင့် အကယ်၍ မဲဆွယ်ခဲ့ပါက ရပ်ကျေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

လာမည့် အစိုးရသက်တမ်းအသစ်တွင် တာဝန်ထမ်းဆောင်ရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ရွေးချယ်ရာတွင် ယခင်ကဲ့သို့ အိမ်ထောင်စုတစ်စုလျှင် အိမ်ထောင်စုအားလုံးကိုယ်စား မိသားစုဝင်တစ်ဦး မဲပေးနိုင်သော်လည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်နေ့ ပြည်ထောင်စုလွှတ်တော်အမှတ် (၄၁)တတိယအကြိမ်ပြင်ဆင်လိုက်သည့် ရပ်ကျေးဥပဒေအရ အိမ်ထောင်စုဝင် မိသားစုအားလုံးကိုယ်စား ကိုယ်စားလှယ်တစ်ဦး စာရင်းပေးရမည်ဖြစ်ပြီး ယင်းစာရင်းပါရှိသည့် တစ်ဦးသာလျှင် အုပ်ချုပ်ရေးမှူး အသစ်ခန့်အပ်သည့်အထိ ပေးရမည်ဖြစ်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။

“ဒီနှစ်ကထူးခြားတာတော့ အိမ်ထောင်စုတစ်စုမှာ အသက်(၁၈)နှစ်ပြည့်ပြီး ကျား၊မ ဘယ်သူမဆို နာမည်ပေးထားတဲ့ကိုယ်စားလှယ်တစ်ဦးက အုပ်ချုပ်ရေးမှူးရွေးပြီးတဲ့အထိ သူတစ်ယောက်ဘဲမဲပေးရမယ်။အိမ်ထောင်စုစာရင်းရှိသူ ဖြစ်ရမယ်။”ဟု အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က ပြောသည်။

အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရန် ပထမအဆင့် ရပ်ကွက်နေပြည်သူများမှ ကြီးကြပ်ရေးအဖွဲ့(၅)ဦးရွေးရမည်ဖြစ်ကာ ယင်းရွေးချယ်ထားသည့် (၅)ဦးအား မြို့နယ်အုပ်ချုပ်ရေးသို့ တင်ပြအတည်ပြုရမည်ဖြစ်သည်။ ထို့နောက် အဆိုပါ ကြီးကြပ်အဖွဲ့(၅)ဦးမှ ရပ်ကွက်ကျေးရွာအတွင်းရှိ အိမ်ထောင်စုစာရင်းများရယူပြီး သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ဆယ်အိမ်စုအဖွဲ့၊ရာအိမ်စုအဖွဲ့ ဖွဲ့စည်းသတ်မှတ်ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့်တွင် ဆယ်အိမ်မှူးများအား အိမ်ထောင်စုကိုယ်စားလှယ်များမှရွေးချယ်ပေးရမည်ဖြစ်ပြီး ယင်းဆယ်အိမ်မှူးများအား အိမ်ထောင်စုကိုယ်စားလှယ်များမှ ရာအိမ်မှူးပြန်လည်ရွေးချယ်ပေးရမည်ဖြစ်သည်။ အကယ်၍ ရာအိမ်မှူးတစ်ဦးသာရှိပါက အုပ်ချုပ်ရေးမှူးအဖြစ် မြို့နယ်အုပ်ချုပ်ရေးထံတင်ပြရမည်ဖြစ်ပြီး တစ်ဦးထက်ပိုနေပါက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးအား ဆက်လက်ရွေးချယ်ရန် လျှို့ဝှက်မဲပေးရမည်ဖြစ်သည်။

ဆယ်အိမ်မှူး၊ရာအိမ်မှူးများမှ ကျေးရွာတာဝန်ခံအား ထပ်မံရွေးချယ်ရမည်ဖြစ်ပြီး လက်ရှိတတိယအကြိမ်ပြင်ဆင်လိုက်သည့် ရပ်ကျေးဥပဒေသည် ရပ်ကွက်၊ကျေးရွာနေ ပြည်သူများကိုယ်တိုင် ကြီးကြပ်ရေးအဖွဲ့၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ ကျေးရွာတဝန်ခံ အစရှိသည်တို့အား ပြည်သူများကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်သည်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဝင်ရောက်ရွေးချယ်မည့် သူများမှာ သတ်မှတ်အရည်အချင်းပြည့်မှီသူဖြစ်ရမည်ဖြစ်ပြီး ၎င်း အရည်အချင်းများမှာ နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊ အသက် ၂၅နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ၅နှစ်နေထိုင်ခြင်း၊ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံဝန်ထမ်းမဟုတ်ခြင်း စသည့်အချက်အများအပြင် စုစုပေါင်း အရည်အချင်းသတ်မှတ်ချက် ၉ချက်နဲ့ကိုက်ညီသူဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြစ်ကြီးနားမြို့နယ်တွင် ရပ်ကွက်ပေါင်း(၃၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း(၂၉)အုပ်စုရှိကြောင်း မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

Show More

Related Articles

Back to top button