သတင်း

တပ်မတော်အာဏာသိမ်းပြီး အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာ

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲသမာမှုများရှိခဲ့သည်ဟူသောအချက်နှင့် နောက်ဆက်တွဲကိစ္စများကြောင့် တပ်မတော်က ဖေဖော်ဝါရီလတစ်ရက်နေ့တွင် အာဏာသိမ်းပြီး နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အဝင်အထွက်ဂိတ်များကို ယနေ့မနက်ပိုင်းက ပိတ်ထားခဲ့ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့သည်။

အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများရုံးအပြင် ၊ NLD ပါတီရုံးများကိုလည်း တပ်မတော်က ထိန်းသိမ်းထားပြီး၊ မြို့နယ် NLD ပါတီခေါင်းဆောင်များကိုလည်း နေအိမ်မှာ လာရောက်ခေါ်ယူကာ ထိန်းသိမ်းထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှစပြီး ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိကာ၊ မြစ်ကြီးနားမြို့ပြင် သွားလာမှုများကိုလည်း ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။

မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လိုအပ်သည့်အရေးယူမှုများပြုလုပ်နိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ‘ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်’ ကို ယနေ့ မနက်ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေငြာလိုက်သည်။

အရေးအပေါ်အခြေအနေဟုခေါ်သော အာဏာထိန်းသိမ်းမှုမှာ နိုင်ငံတစ်ဝှမ်းတွင်သက်ရောက်ပြီး၊ ထုတ်ပြန်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည်။ ထိုကာလအတွင်း နိုင်ငံတော်၏ အာဏာ ၃ ရပ်ကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ယူထားသည်။

ထို့နောက် ရွေးကောက်ပွဲ ပြန်လုပ်ပြီးမှ အနိုင်ရသော ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။

ယခုလို အရပ်သားအစိုးရခေါင်းဆောင်များကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းမှုအတွက် အထူးစိုးရိမ်ကြောင်း အမေရိကန်သံရုံးကလည်း ယနေ့ တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button