ရွေးကောက်ပွဲဆိုင်ရာသတင်း

တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးကို ဦးထိပ်ထားသည့်အစိုးရလိုလားကြောင်း KBC ထုတ်ပြန်

‘တိုင်းရင်းသားများ၏ တန်းတူရည်တူအခွင့်အရေးကို ဦးထိပ်ထားဦးဆောင်သော အစိုရကိုသာလိုလားပြီး’ ဗဟိုဦးစီးစနစ်ကျင့်သုံး သည့် အာဏာရှင်စနစ်သည် သမ္မာကျမ်းစာဖြင့် ဆန့်ကျင်နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ် (KBC) က ဖေဖော်ဝါရီ ၃ ရက်နေ့ ယနေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

တပ်မတော်က စစ်အာဏာသိမ်းပြီး ၃ ရက်မြောက်သောနေ့ ဖေဖော်ဝါရီလ ၃ ရက်တွင် ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချူပ်(KBC) က မြန်မာဘာသာဖြင့် ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပြီး ကချင်ဘာသာဖြင့် အသင်းသားများထံ အသိပေးစာ ထုတ်ပြန်ခဲ့သည်။

“ဘာသာရေးအဖွဲ့ဆိုတာ အမှန်တရားပေါ် ရပ်တည်ရမယ်ဆိုပြီး ထုတ်ပြန်တာဖြစ်တယ်။ စစ်တပ်နဲ့ NLD အစိုးရ ၂ ဖက်စလုံးက တိုင်းရင်းသားတွေအတွက် အဖြေမဟုတ်ပေမယ့် ဒီလိုအချိန်မှာ ကိုယ့်အတွက် အကျိုးမရှိဘူးဆိုပြီး ငြိမ်နေရင် မတရားမှုကို သဘောတူပေးသလို ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က သမ္မတရားပေါ်ရပ်တည်ပြီး ထုတ်ပြန်ချက်ထုတ်တာဖြစ်တယ်။” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဆမ်ဆွန်က ပြောသည်။

ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေးအပြည့်အဝ ခံစား၍ လုံခြုံ ငြိမ်းချမ်းပြီး တရားမျှတသော အနာဂတ် ရရှိစေရန်ဆုတောင်း မေတ္တာပို့ကြောင်း၊ တပ်မတော်က အာဏာသိမ်းလိုက်ခြင်းကြောင့် ကချင်စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များအတွက် စိုးရိမ်မှုကြောင်း ဖော်ပြထားသည်။

အလားတူ နိုင်ငံတော်အတွင်းတရားမျှတမှုများ ထွက်ပေါ်လာဖို့ KBC အသင်းသားများအနေဖြင့် နာရီပေါင်း ၁၂ နာရီ သို့မဟုတ် ၂၄ နာရီ အစာရှောင် ဆုတောင်းကြရန်လည်း တိုက်တွန်းထားသည်။

တပ်မတော်အာဏာသိမ်းသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၃ ရက်မြောက်နေ့အထိ တော်လှန်ရေးအဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က သဘောထား ထုတ်ပြန်ထားခြင်း မရှိသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button