ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ် မြို့နယ်အချို့ NLD ဆိုင်းဘုတ်များဖြုတ်သိမ်းခံရ

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးချုပ် ဆိုင်းဘုတ်၊ အလံများအား အရပ်ဝတ်နဲ့လူတစ်စုမှ လာရောက်ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူစိုးထံမှ သိရသည်။

စစ်အစိုးရမှ အာဏာသိမ်းပြီး(၃)ရက်အကြာတွင် ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်တွင် ပါတီမှ တာဝန်ရှိသူများအား အသိပေးခြင်းမရှိဘဲ လာရောက်ဖြုတ်သွားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အလုပ်အမူဆောင် စိုင်းကျော်သူစိုးက ပြောသည်။

“ဘယ်သူဖြုတ်လဲတော့ မသိဘူး ဓါတ်ပုံရိုက်တဲ့ထဲမှာ အရပ်ဝတ်နဲ့လာဖြုတ်နေတာတော့ တွေ့လိုက်တယ်။ အလံဘဲဖြုတ်တာမဟုတ်ဘူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာလုံးတွေတောင်ဖြုတ်တာ LOGO တွေရှိတဲ့ဟာ အားလုံးဖြုတ်သွားတာ။ ကျနော်တို့ကိုဘယ်သူမှအကြောင်းမကြားဘူး ရုံးထဲလည်း ဝင်လို့မရတော့ဘူး။တရားဝင်ပါတီမို့ ရွေးကောက်ပွဲဝင်ပြိုင်တာလေ ခုတော့ဘာလုပ်တယ်လည်းမပြောဘဲနဲ့ ခုလိုဖျက်သိမ်းတာဆိုတော့ ပြီးတော့ နေရာတိုင်းလုပ်တယ်ဆိုလည်း တစ်မျိုးလေ ခုတော့ လုပ်တဲ့နေရာကလုပ်ပြီး မလုပ်တဲ့နေရာကမလုပ် အဲလိုဖြစ်နေတော့ အဖွဲ့ချုပ်ကလည်း ကြေညာချက်ထုတ်ထားတယ်။”ဆိုပြီး ပြည်နယ်အလုပ်အမူဆောင် စိုင်းကျော်သူစိုးကပြောသည်။

ယင်း ပါတီဆိုင်းဘုတ်၊အလံများဖြုတ်သိမ်းခြင်းနဲ့ပတ်သက်ပြီး ပြည်နယ်ရုံးချုပ်နှင့် မြစ်ကြီးနားခရိုင်ရုံးမှ ဖြုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် အချို့မြို့နယ်ပါတီရုံးများတွင် ဝင်ရောက်ရှာဖွေခြင်းများလည်း ရှိနေကြောင်း မိုးညှင်းမြို့နယ် အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကခုလိုပြောသည်။

“အစ်မတို့ရုံးကိုတော့ ဆိုင်းဘုတ်ဖြုတ်ခိုင်းထားတာတွေတော့ မရှိပါဘူး ဒါပေမယ့် အစ်မတို့ရုံးကိုတော့ ဝင်ပြီး ပစ္စည်းတွေသိမ်းတယ် သိမ်းတာကို ကျမကတရားဝင်ဘာရချင်သလဲ ရချင်တဲ့ဟာကို ကျမကိုယ်တိုင် ဖွင့်ပြီးပေးလိုက်တာပါ။အဲကြောင့် ဘာတွေယူသွားလဲဆိုတာ ကျမတို့ဆီမှာလည်း မှတ်တမ်းယူတယ် သူတို့လည်းမှတ်တမ်းယူတယ် အဲဒါမှသာလျှင် တရားဝင်ဖြစ်မှာလေ။ ကျမတို့က တရားဝင်ဖွဲ့စည်းပ ါတီဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ဖျက်သိမ်းသေးတာမဟုတ်တဲ့အတွက် ဒီလိုပြုကျင့်သာ လုံးဝလက်မခံပါဘူူး။”ဟု အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဖေဖော်ဝါရီ (၃)ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် တပ်မတော်မှအာဏာရယူပြီးနောက် တိုင်းနှင့်ပြည်နယ်အချို့ရှိ NLD ရုံးများတွင်း စီးနင်းခြင်း၊ စာရွက်စာတမ်းသိမ်းဆည်းခြင်း၊ ကွန်ပြူတာ၊ လက်တော့ပ်များသိမ်းဆည်းခြင်းများ တရားမဲ့ပြုလုပ်မူများအား ကန့်ကွက်ကြောင်းနှင့် အဆိုပါ တရားမဲ့ပြုကျင့်မူများအား သက်ဆိုင်ရာတာဝန်ယူထားသူများက အမြန်ဆုံးတားမြစ်ပေးကြရန် တိုက်တွန်းထားသည်။

Show More

Related Articles

Back to top button