သတင်း

ပူတာအို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်သူ ၂ ဦးကို ရဲများက ရှာဖွေနေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြပွဲတွင်ပါဝင်ဆန္ဒပြခဲ့သည့် ပူတာအို အ.ထ.က(၁) ကျောင်းမှ ကျောင်းဆရာ(၂)ဦးအား ရဲများက ရှာဖွေနေကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။

“ကျနော်တို့ သိရသလောက်တော့ ဆရာ(၂)ဦးလို့ဘဲ သိရတယ်။ မနေ့က ညနေ(၅)နာရီဝန်းကျင်လောက်မှာ ရဲတွေက အိမ်မှာလာရှာတယ်လို့သိရတယ်။ ဆရာ(၂)ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အနေထားမှာရှိနေတယ်။ ဒေသခံတစ်ယောက်အနေနဲ့တော့ ပြောချင်တာက ဒီဆရာနှစ်ယောက်က ဆန္ဒပြဦးဆောင်တဲ့သူတွေလည်းမဟုတ်ဘူး။ ပါဝင်တဲ့အနေထားဆိုတာလောက်ဘဲရှိတယ်။ ပြီးတော့ကျောင်းဆရာတွေဆိုတာက ကောင်းရာကောင်းကြောင်း သင်ကြားနေတဲ့ဆရာတွေလေ။ အဲထဲမှာမှ တပ်မတော်သားဖြစ်လာမယ့်သူတွေကို သင်ကြားတဲ့ဆရာတွေဘဲလေ။ ဆိုတော့ ကျောင်းဆရာတွေကို ဒီလိုခြိမ်းခြောက်တဲ့ပုံစံလုပ်နေတာကတော့ လုံးဝမဖြစ်သင့်ဘူးလို့ မြင်တယ်။”

အဆိုပါကျောင်းဆရာ (၂)ဦးသည် အ.ထ.က ပူတာအိုမှ ဆရာကျော်သူနှင့်ဆရာနေဆန်းတို့ဖြစ်ပြီး လက်ရှိချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ(၈)ရက်နေ့မှစကာ ကချင်ပြည်နယ်ရှိမြို့နယ်တိ်ုင်းတွင် စစ်အာဏာသိမ်းမူအား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်နေကြပြီး ပူတာခရိုင်တွင်လည်း ဆန္ဒထုတ်ဖော်သူများသည် တစ်ရက်ထက်ရက်ပိုမိုများလာကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲတွင် ပညာရေးဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများစွာ ပါဝင်လာကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူများနှင့်ဌာနဆိုင်ရာများ ပညာရေးဝန်ထမ်းများအများအပြားပါဝင်ခဲ့သော်လည်း ယင်းကျောင်းဆရာ(၂)ဦးကိုသာ လာရောက်ရှာဖွေစုံစမ်းနေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး မရရှိနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုကြသည်။

“ဘယ်လိုမျိုးဟာကို ကြည့်ပြီးတော့ စုံစမ်းနေလဲဆိုတာတော့ ကျနော်တို့လည်းမသိရဘူး။ ဒါပေမယ့် နိုင်ငံသားတစ်ယောက်အနေနဲ့အခွင့်အရေးကိုပြောမယ်ဆိုရင် နိုင်ငံသားအခွင့်အရေး မရသလိုဖြစ်နေတယ်လို့မြင်တယ်။” ဟု အမည်မဖော်လိုဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

Show More

Related Articles

Back to top button