တိုက်ပွဲသတင်း

အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့

အလောဘွမ့်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ် ယာဉ်တန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်နှင့် နွမ်လန့်ကြားရှိ လွယ်ဂျော်ဘွမ့်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသယ်ဆောင်လာသည့် တရုတ် ဆယ့်နှစ်ဘီးကားကြီးတစ်ခု KIA က ၃ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။

“ကားက တစ်စစီဖြစ်သွားတယ်လို့ သိရတယ်။ စစ်သား ၁၀ ဦး ထက်မနည်းဘူးတဲ့ ထိခိုက်ဒဏ်ရာရတာ။ အခင်းဖြစ်သွားတဲ့နေရာမှာ သွေးအိုင်သွားတယ်လို့ပြောကြတယ်။ ပြီးနောက် မိုင်းခွဲခံရတဲ့ကားကို ဒေါ့ဖုန်းယန်မှာပဲ ပြန်သွားဆေးယူတယ်” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ဆိုသည်။

ကားမိုင်းခွဲခံရသည့်နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နာရီဝက်ခန့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောသည်။

ထို့အပြင် အလောဘွမ့်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဒေါ့ဖုန်းယန်နှင့်နွမ်လန့်ကျေးရွာကြားတွင် စစ်အင်အားအများအပြား တိုးချဲ့လာနေကြောင်း နွမ်းလန့် ဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၀ရက်နေ့တွင် စစ်ကား ၄၁ စီးနှင့် တစ်ရက်တည်းအတွင်းမှာ စစ်အင်အား ၆၀၀နီးပါးခန့်တိုးချဲ့ထားပြီဖြစ်ကြောင်း နွမ်လန့်ဒေသခံတစ်ဦးက ယခုလို ထပ်မံ ပြောဆိုသည်။

“မနေ့ ညနေ အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားအများအပြားဝင်လာတယ်။ စစ်ကားက ၄၂စီးရှိတယ်။ အဲ့မှာ လက်နက်ကျည်သယ်တဲ့ကားက ၄စီးရှိတယ်။ အဲဒီလက်နက်တွေက ဒေါ့ဖုန်းယန်ရဲစခန်းမှာလာချထား တယ်လို့ကြားတယ်။ ကြည့်ရသလောက် အလောဘွမ့်ကို စစ်အင်အားအပြည့်နဲ့ပြန်တိုက်တော့မှာသေချာတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလော့ဘွမ်စခန်းကို ပြန်လည်ရရှိရန် မြို့သစ် ကုန်းလောဘက်မှ ထိုးစစ်ဆင်နေသည့်အပြင် အလော့ဘွမ်တောင်ခြေဖြစ်သော ဒေါ့ဖုန်းယန်ဘက်ကိုလည်း စစ်အင်အားအများအပြား ပို့ဆောင်ထားသည်ဟု သိရသည်။

Show More

Related Articles

Back to top button