တိုက်ပွဲသတင်း

ရွှေကူတွင် ပစ်ခံရသည့် စစ်တပ်ရိက္ခာသယ် သင်္ဘောတစ်စီး ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ

ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော အာဏာသိမ်းစစ်တပ်၏ စစ်လက်နက်နှင့် စားနပ်ရိက္ခာတင်ဆောင်လာသည့် သင်္ဘောကို ရွှေကူမြို့နယ်အတွင်း ဒုတိယမြစ်ကျဉ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မေလ ၁၁ရက် ယနေ့ နံနက် ၄နာရီခန့်က ရွှေကူမြို့ သင်္ဘောဆိပ်မှ ဗန်းမော်မြို့သို့ တက်လာသည့်အဆိုပါ သင်္ဘောကို KIA က ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း သင်္ဘောအင်းနှင့် ဇင်းဘုံကျေးရွာ ၂နေရာတွင် ပစ်ခတ်ခဲ့ပြီးနောက် ၂ ဖက် ပစ်ခတ်မှုအချို့လည်း ရှိခဲ့ကြောင်း သိရသည်။

“ဒီ ရွှေကူကနေ မနက် ၄နာရီလောက်ကနေ သင်္ဘော ထွက်သွားတယ် မကြာဘူး ဧရာဝတီ ဒုတိယ မြစ်ကျဉ်းနားက သင်္ဘောအင်းမှာ တစ်ခေါက်ပစ်ခံရတယ်။ နောက်တစ်ခေါက်က ဇင်းဘုံရွာနားမှာ ပြန်ပစ်ခံရတယ်။ အဲ့မှာအပြန်အလှန် ပြန်တိုက်ကြတယ်လို့သိရတယ်။ သင်္ဘောမှာပါတဲ့ စစ်သေားတွေက ထိခိုက်ဒဏ်ရာရတာက အတည်မပြုပေးနိုင်ဘူး။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတာက သေချာတယ်” ဟု အမည်မဖော်လိုသူ ရွှေကူဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ နံနက် ဒုတိယမြစ်ကျဉ်းတွင် ပစ်ခတ်ခံရသည့် သင်္ဘောမှာ မေလ ၆ ရက်နေ့က ရွှေကူမြို့ ကျောက်ကြီးတွင် KIA က ပစ်ခတ်ခဲ့သောကြောင့် ရွှေကူသင်္ဘောဆိပ်ကမ်းတွင် ၅ရက်အကြာရပ်နား ထားခဲ့ပြီး ယနေ့မနက်ပိုင်းမှပြန်လည်ထွက်ခွာသည့် သင်္ဘောဖြစ်သည်ဟုသူက ဆက်ဆိုသည်။

“အမှန်တော့ အဲ့ဒီသင်္ဘောကို ဘယ်သူမှ မမောင်းရဲကြဘူးလို့ ပြောကြတယ်။ အဲ့မှာက စစ်တပ်ရဲ့ရိက္ခာတွေနဲ့ လက်နက်တွေပါတယ်တဲ့။ ရေလမ်းနဲ့ခက်တော့ ကုန်းလမ်းနဲ့သွားဖို့ ကားလိုက်ဌားကြတယ်လို့လည်းကြားရတယ်။ ဘယ်သူမှလက်မခံဘူးတဲ့။ ရုတ်တရက်ပြန်ထွက်ဖို့ လုပ်တဲ့အခါ သင်္ဘောသားတွေက ထွက်ပြေးသွားတယ်။ အဲ့ဒါကို အသည်းအသန်လိုက်ဖမ်းပြီး ပြန်ခေါ်သွားတယ်။ သူတို့က သင်္ဘောမောင်းတဲ့အခန်းတွေလည်း သဲအိတ်တွေနဲ့ကာထားပြီး ဒီမနက်ပြန်ထွက်တဲ့အခါမှာ ပြန်ပစ်ခံရတာဟုတ်တယ်”ဟု ဒေသခံတစ်ဦးက ဆက်ဆိုသည်။

အဆိုပါ သင်္ဘောတွင် ဆန်အိတ် ၁၀၀၀ခန့်နှင့် အခြားစားသောက်ကုန်များပါရှိသည့်အပြင် စစ်တပ်အသုံး ဆောင်ပစ္စည်းများနှင့် လက်နက်ကြီးများပါရှိသည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

လက်ရှိ အဆိုပါသင်္ဘောမှာ နေရာ ၂ ခုတွင် ပစ်ခတ်ခံရသည့်အတွက် ရှေ့မထွက်နိုင်ဘဲ ရွှေကူမြို့နယ်အတွင်းရှိ စင်းခန်းကျေးရွာတွင် ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button