သတင်း

တနိုင်းတွင် ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် အရေးယူရန် ရဲစခန်းသို့ အပ်

တနိုင်းမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အရေးယူရန် ရဲစခန်းသို့ လွဲပြောင်းထားကြောင်း သိရသည်။

KIA တပ်မဟာ ၂ နယ်မြေမှ ထွက်လာသော လူငယ် ၂၉ ဦးမှာ မေလ ၁၅ ရက်နေ့ တနိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်တပ်က တစ်လကြာ စစ်ဆေးပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် တရားစွဲဆိုရန် ရဲတပ်ဖွဲ့သို့ အပ်လိုက်သည်ကို သိရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

“ဖမ်းဆီးခံရတဲ့ လူငယ် ၂၉ ဦး ကို စစ်တပ်က တရားစွဲဖို့ ရဲကိုအမှုအပ်လိုက်တာက သေချာပြီ။ မနေ့က လွှဲပြောင်းလိုက် တယ်လို့သိရတယ်။ ကျနော်တို့လည်း ကျန်တာအသေးစိတ်မသိရသေးဘူး။” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က လူငယ် ၂၉ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့်ဖြင့် တရားစွဲဆိုရန် ရဲစခန်းသို့ အမှုလွှဲပြောင်းထားသည်ဟု ကြားသိရသော်လည်း လူငယ်များကိုစစ်တပ်အတွင်းမှ ရဲစခန်းသို့ ရွှေ့ပြောင်းထားခြင်း ရှိမရှိကို သေချာမသိရသေးကြောင်း သူက ဆက်ဆိုသည်။

လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသော ‘ဖမ်းဆီး စစ်ဆေးနေချိန်တွင် ရိုက်နက်ခံရမှုကြောင့် လူငယ် ၂၉အနက် ၈ ဦး သေဆုံးသွားပြီ’ ဟူသော သတင်းမှာ မဟုတ်မမှန်ကြောင်း သူက ပြောဆိုသည်။

အဆိုပါ လူငယ် ၂၉ ဦးမှာ တနိုင်း လီဒိုလမ်းမပေါ်ရှိ နောင်းမီနှင့်ဝါရာဇွပ်ကျေးရွာမှ လူငယ်များဖြစ်ကြပြီး နောင်းမီ ကျေးရွာမှ ၂၅ ဦး နှင့် ဝါရာဇွပ်ကျေးရွာမှ ၄ ဦး ဖြစ်ကာ အများစုမှာ အသက် ၁၈ နှစ်အောက် လူငယ်များ ဖြစ်ကြသည်။

“ကျမတို့ မိခင် ၅ယောက်က သား/မီးတွေနဲ့ တွေ့ချင်လို့ တက်လာတာ ၁ပတ်လောက်ရှိပြီ။ သက်ဆိုင်ရာ လူကြီးတွေနဲ့ အကူအညီတောင်း ပြီးတွေ့ခွင့်တောင်းပေမယ့် မရဘူး။ စခန်းအထဲကိုတောင် မဝင်ခိုင်းဘူး။ ဘယ်လိုနေရာမှာ ဖမ်းဆီးထားမှန်း မသိဘူး။ တစ်ချို့က စစ်သားတွေ ရိုက်နက်ပေးလို့ ဆုံးသွားပြီလို့ပြောကြတယ်။ ကျမတို့အရမ်းစိုးရိမ်နေရတယ်” ဟု ဖမ်းဆီးခံရသော အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက KNG ကို ပြောဆိုခဲ့သည်။

ဖမ်းဆီးခံရစဉ်အချိန်ကစပြီး ယနေ့အချိန်ထိ သား၊ သမီးများကို တွေ့ဆုံခွင့်မရသေးကြောင်း မိဘများက ပြောဆိုနေကြသည်။

တနိုင်းဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ ဒေသဖြစ်ပြီး အာဏာသိမ်းစစ်တပ် ဖြင့် စစ်ရေးတင်းမာနေသော နေရာဖြစ်သည်။

Show More

Related Articles

Back to top button