တိုက်ပွဲသတင်း

အရပ်သားကားဖြင့် တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA တိုက်ခိုက်

ဖားကန့်မြို့နယ် ဆယ်ဇင်းမှ တာမခန်သို့ အရပ်သားကား ၄ စီးဖြင့် တက်လာသော စစ်ကောင်စီ၏ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ကားတစ်စီး မီးရှို့ဖျက်စီး ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၃နာရီ ဝန်းကျင်ခန့်တွင် ဆယ်ဇင်းဘက်မှ စစ်အင်အား ၃၀ခန့်ပါသော ကား ၄စီးသည် တာမခန် မရောက်မှီ ကျောက်ဘုံကျေးရွာအဝင်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“KIA က ကြိုတင်သတင်း အတိအကျရထားလို့စောင့်ပြီး ဝင်ပစ်တယ်လို့သိရတယ်။ သူတို့စီးတဲ့ကားတွေက စစ်ကားတွေမဟုတ်ဘူး။ ပြည်သူစီးကားတွေဘဲ။ ရှေ့တန်းက ကား ၂စီး အရင်ပစ်ခံရတယ်။ ကားတစ်စီးက ပြန်ယူလို့မရအောင် မီးရှို့ဖျက်စီးလိုက်တယ်။ အဲ့မှာစစ်သား ၈ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက် ၃ယောက်က ထိခိုက်ဒဏ်ရာရသွား တယ်လို့သိရ တယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် ထိုနေရာတွင် လက်နက်လက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု ၄၅မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် KIA ဘက်မှ လက်နက် တစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သူက ဆက်ဆိုသည်။

အာဏာသိမ်း စစ်တပ်ဘက်မှ တပ်မ ၃၃၊ ခလရ (၄၂) ဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် တပ်မဟာ ၉ အောက် တပ်ရင်း ၂၆ ဖြစ်ကြောင်း သိရသည်။

Related Articles

Back to top button