သတင်း

ရှမ်းမြောက် ဖောင်းဆိုင်ဒေသခံများ တရုတ်နယ်စပ်တွင် မိုးကာတဲဖြင့် စစ်ရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာအနီး တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀ ကျော်သည် တရုတ်နယ်စပ်သို့ ထွက်ပြေးခဲ့သော်လည်း ဖြတ်ကျော်ခွင့်မရသောကြောင့် မိုးကာတဲဖြင့် ခက်ခက်ခဲခဲ နယ်စပ်တွင် သောင်တင်နေသည်မှာ ၃ ရက်ခန့် ရှိပြီဟု သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် ဇူလိုင်လ ၆ ရက်နေ့ မုံးကိုးမြို့ ဖောင်းဆိုင်အနီး မန်ယန်ကျေးရွာနှင့် ဘန်မွေကျေးရွာရှိ ဒေသခံ အိမ်ထောင် ၈၈ ခု နှင့် လူဦးရေ ၃၀၀ ခန့်တို့သည် တရုတ်နယ်ဘက်သို့ ထွက်ပြေးခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်ခွင့်မရသေးကြောင်း စစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။

“တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ဖောင်းဆိုင်ပြည်သူ့စစ်အဖွဲ့က ဒေသခံတွေကို တရုတ်ဘက်ကို တိမ်းရှောင်ထွက်သွားခိုင်းတာ၊ ဒါပေမဲ့ တရုတ်ဘက်က တိုက်ပွဲတကယ်ပြင်းထန်လာမှ ဝင်ခွင့်ပေးမယ်လို့ပြောတော့ စစ်ရှောင်တွေက ကြားထဲမှာ နေနေရတာဖြစ်တယ်။” ဟု ဖောင်းဆိုင် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များသည် လက်ရှိချိန် ကိုယ်တိုင် မိုးကာတဲများဆောက်ကာ ခိုလှုံနေရပြီး ခက်ခဲမှု မျိုးစုံ ကြုံတွေ့နေရသည်။ ထို့အပြင် ထွက်ပြေးလာသာ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦးပါဝင်သည်ဟု သိရသည်။

နယ်စပ်ဖြတ်ကျော်ခွင့်မရသလို တိုက်ပွဲသံများကြောင့် မိမိတို့ကျေးရွားသို့ ပြန်လှည့်ရန်လည်း မဖြစ်နိုင်သောကြောင့် မိုးကာတဲတွင် ခက်ခဲစွာ ခိုလှုံနေရကြောင်း စစ်ရှောင်တစ်ဦးက ယခုလို ထပ်မံ ပြောဆိုသည်။

“မိုးက ရွာချ မိုးကာလည်း မလုံလောက်ဘူး၊ အရေးပေါ်ဖြစ်တာကြောင့် နှစ်ရက်သုံးရက်ပဲ ရှောင်တိမ်းယုံပဲဆိုလို့ ဘာမှမယူလာကြဘူး။ ခြင်ထောင်တွေလည်း မပါတော့ ခြင်ကလည်းကိုက် ၊ မိုးရွာတော့ ကလေးတွေက ငိုကြ၊ အကုန်စိုရွဲပြီး ခက်ခက်ခဲခဲပဲ။ ဖြစ်သလိုပဲ ဖြတ်ကျော်နေတယ်။ ညဆို အသက်ကြီးတဲ့သူတွေနှင့် ကလေးတွေ ဖျားတာနာတာရှိတယ်။ သူတို့ကို ကျနော်တို့ဆီမှာ ရှိတဲ့ ဆေးဝါးနဲ့ပဲ ကုသပေးထားတယ်။” ဟု စစ်ရှောင်ပြည်သူတစ်ဦး က KNG ကိုပြောသည်။

စစ်ရှောင် အများစုသည် ယခုလို တောတွင်း မိုးကာတဲဖြင့် ခိုလှုံနေကြရပြီး အချို့မှာ ဖောင်းဆိုင် ကျေးရွာတွင် ခိုလှုံနေကြကြောင်း သိရသည်။

ရှမ်းမြောက် မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA လက်နက်ကိုင်အဖွဲ့ကြား ဇူလိုင် ၄ ရက်နေ့မှ စပြီး တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button