Covid-19 Reportingသတင်း

KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိပြီးနောက် စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများ ပိတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင် Covid-19 ပိုးတွေ့ လူနာရှိလာသောကြောင့် ၎င်းထိန်းချုပ် နယ်မြေအတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများတွင် ဝတ်ပြုကိုးကွယ်ခြင်းများကို တစ်ပတ် ပိတ်ထားမည်ဟု KIO Covid-19 ထိန်းချုပ်ရေး ကော်မတီမှ ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းပြင်းထန်လာသည်နှင့်အတူ KIO ထိန်းချုပ်ရာနယ်မြေတွင်လည်း ပိုးတွေ့လူနာများ တွေ့ရှိလာသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမူထိန်းချုပ်နိုင်ရန် လူစုလူဝေးဖြစ်စေသော စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ဇူလိုင်လ ၈ရက်နေ့မှ ၁၄ရက်နေ့ထိ တစ်ပတ်တိတိ ပိတ်ထားမည်ဖြစ်ကြောင်း ဆိုထားသည်။

KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်မြို့များတွင် မတ်လမှ ဇူလိုင်လ ၇ရက်နေ့ထိ ပိုးတွေ့လူနာပေါင်း ၃၀ ခန့်ရှိလာကြောင်း Covid-19 ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင် မြို့တွင်းလူစုလူဝေးပြုလုပ်နိုင်သည့် နေရာများကိုလည်း ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ KIO ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသူများအား ရောဂါစစ်ဆေးမှု ခံယူစေသည့်အပြင် ကွာရန်တင်း ၁၄ရက်ထိ တိုးမြင့်နေထိုင်ရန်လည်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇူလိုင်လ ၅ရက်နေ့မှစကာ ဂိတ်အဝင်အထွက်အားလုံး ပိတ်ပင်လိုက်ပြီးနောက် ဇူလိုင်လ ၈ရက်နေ့မှစကာ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ တစ်ပတ်ထပ်မံပိတ်လိုက်ကြောင်း လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ထုတ်ပြန်လိုက်သည်။

Show More

Related Articles

Back to top button