လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဗလမင်းထင် တံတားအနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိကာ သေဆုံး

ဝိုင်းမော်-မြစ်ကြီးနား ဗလမင်းထင်တံတား တိုးဂိတ်အနီးတွင် ဇူလိုင်လ ၇ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ သေနတ်ပစ်ခတ်မှုကြောင့်  တိုးဂိတ်အနီး သစ်သီးရောင်းသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

“ကျည်ထိတော့ သွေးထွက်လွန်ပြီး မနေ့ည သေသွားတယ်လို့ ကြားရတယ်။ ဘယ်ချိန်သေတာလဲတော့ မသိဘူး အလောင်းက တပ်ဆေးရုံမှာဆိုတော့ ကျမတို့မသိရဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ကျည်ထိမှန် သေဆုံးသွားသည့် အမျိုးသမီးသည် မိုင်းနား မခေါယာန်ကျေးရွာမှ မမီး ဆိုသူဖြစ်ကြောင်း သိရသည်။

‌”အလောင်းကတော့ ဒီမနက် တပ်ဆေးရုံကနေ အိမ်ကိုယူလာတော့မယ်လို့တော့ ကြားတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ဇူလိုင် ၇ ရက် ယမန်နေ့ ညနေ ၅နာရီဝန်းကျင် ဝိုင်းမော်ဘက်မှလာသည့် ကားတစ်စီးကို စစ်ဆေးရန်အတွက် တားရာတွင် ရပ်နားပေးခြင်းမရှိသည့်အတွက်  သေနတ်လိုက်လံပစ်ခတ်ခဲ့ရာ ကားတွင်မထိဘဲ လမ်းဘေးဈေးရောင်းသည့် အမျိုးသမီးအား ကျည်ထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဗလမင်းထင်တံတားအနီး တိုးဂိတ်တွင် ဇွန်လ ၂၃ရက်ည က ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်ယခုလို မသင်္ကာမှုများကို လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button