Covid-19 Reportingစစ်ပြေးဒုက္ခသည်များသတင်း

နွမ်းလန့် စစ်ရှောင်များ Covid-19 ကြောင့် စားဝတ်နေရေးခက်ခဲလာသဖြင့် နေရပ်ပြန်

တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာမှ ထွက်ပြေးသွားသော ဒေသခံစစ်ရှောင်တချို့သည် လက်ရှိ ရောက်ရှိနေသော စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တဖန် စားဝတ်နေရေး အလွန်ခက်ခဲလာသဖြင့် မိမိနေရပ်သို့ ပြန်လာသူများ ရှိနေကြောင်း သိရသည်။

နေရာအနှံထွက်ပြေးသွားသူများအနက် အိမ်ထောင်စု ၅၀ ခန့်သည် ယခုလ ၆ ရက်နေ့မှ ယနေ့အထိ မိမိဒေသတွင် ပြန်လည်လုပ်ကိုင်ရှာဖွေစားသောက်ရန် ပြန်လာခဲ့ကြပြီဟု နွမ်လန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“တိုက်ပွဲဖြစ်လို့ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ အဲချိန်က ရွာမှာ အိမ်ခြေ ၁၀ ခုလောက်ဘဲကျန်ခဲ့တယ်။ ဒါပေမယ့် မြို့မှာ အခု ကိုဗစ်လည်းအရမ်းဖြစ်လာတယ်။ ပြီးရင် စားဝတ်နေရေးလည်း အရမ်းခက်ခဲကြတယ်ဆိုပြီး ပြန်လာ နေထိုင်ကြတယ်။ အိမ်ခြေ ၅၀ လောက်တောင်ရှိပြီ။ ဒီလအတွင်းမှာဘဲ လာနေကြတယ်” ဟု ပြောဆိုသည်။

နွမ်လန့်ကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါခန့်နှင့် လူဦးရေ ၇၀၀ နှင့် ၈၀၀ကြားရှိပြီး လက်ရှိ လူဦးရေ၏ ထက်ဝက်ခန့်သည် ပြန်လာကြပြီ ဖြစ်သည်။

ကိုဗစ်-၁၉ တတိယလှိုင်းပြန်ထလာချိန် ကချင်ပြည်နယ်အတွင်း စစ်ရှောင်စခန်းများကို အဝင်အထွက်ကန့်သတ်ခဲ့သောကြောင့် စားဝတ်နေရေးအလွန်ခက်ခဲလာသဖြင့် စစ်ရှောင်တာဝန်ခံများ၏ ခွင့်ပြုချက်ဖြင့် နေရပ်ပြန်လာရခြင်းဖြစ်သည်ဟု နေရပ်ပြန် စစ်ရှောင်တစ်ဦးက ဆိုသည်။

“စစ်ရှောင်စခန်းမှာက စားဖို့ဆန်တော့ရှိတယ်။ ဒါပေမယ့် ချက်စားမယ့် ထင်းမရှိဘူး။ ပိုက်ဆံလည်း လက်ထဲမှာ တစ်ပြားမှမရှိဘူး။ ဟင်းသီးဟင်းရွက်ဝယ်စားဖို့ ပိုက်ဆံတောင်မရှိဘူး။ အိမ်မှာက ဟင်းသီးဟင်းရွက်တွေက ဝယ်စရာမလိုဘူး။ ကုန်ကျစရိတ်လည်းမရှိဘူး။ ပြီးရင်အခုက ကိုဗစ်လည်းပြန်ဖြစ်လာတော့ ပိုဆိုးလာတယ်။ အရမ်းခက်ခဲတယ်။ ဒါကြောင့် ပြန်လာကြတာဟုတ်တယ်” ဟု ပြောဆိုသည်။

သို့သော် နေရပ်သို့ အပြီးအပိုင်ပြန်လာခြင်းမဟုတ်ဘဲ စားဝတ်နေရေးဖြေရှင်းဖို့အတွက်သာ ပြန်လာကြခြင်း ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများကို စစ်ရှောင်စခန်းများပင် ထားခဲ့ရကြောင်း ပြောသည်။

ပြီးခဲ့သည့် ဧပြီလ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော နှင့် နွမ်းလန့်ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒေသခံများသည် မိုးမောက် နှင့် ဗန်းမော်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ စစ်ရှောင်များ ပိုမိုတိုးများလာချိန် Covid-19 တတိယလှိုင်းပြန်ထလာသဖြင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ စစ်ရှောင်စခန်းကို အဝင်အထွက်ပိတ်ခဲ့ရသောကြောင့် စစ်ရှောင်စခန်းတွင် အစားအသောက် အလွန်ခက်ခဲ နေကြောင်း စစ်ရှောင်တာဝန်ခံက ယခုလိုပြောသည်။

“အရင်ကထက် အရမ်းခက်ခဲလာတယ်။ ကိုဗစ်ကပိုဆိုးလာတဲ့အတွက် စခန်းကို Lock Down လုပ်ထားတာ ၂ပတ်လောက်ရှိပြီ။ တဖက်ကို ပြန်ကြည်တော့ စားဝတ်နေရေးက အရမ်းခက်လာကြတယ်။ ဘယ်သူမှ အပြင်ထွက်နေ့စားမလုပ်ရတော့ဘူး။ ပြီးရင် အခုက ပုံမှန်ရရှိနေတဲ့ ထောက်ပံ့မှုတွေမရတာလည်း ၂ လလောက်ရှိသွားပြီ။ နောက် သီးခြားလာထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်း မရှိဘူး။ အဲ့ကြောင့် အရင်ကထက်အများကြီး ခက်ခဲသွားတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် ဗန်းမော်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း လူဦးရေ ထောင်ချီရှိသော စစ်ရှောင်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်မှု စတင်လာသဖြင့် အစားအသောက်အလွန် ခက်ခဲနေကြောင်း စခန်းတာဝန်ခံများထံမှ သိရပါသည်။

Show More

Related Articles

Back to top button