တိုက်ပွဲသတင်း

ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား

ကချင် စစ်ကိုင်း နယ်စပ် နန့်စီးအောင် ကျေးရွာအနီး အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်က စစ်ရိက္ခာတင်ကာ တက်လာသော စစ်ကား ၄ စီးကို မောလူး နန့်စီးအောင်ကြား လွဲခူးတောင်ခြေတဝိုက်တွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ နမ့်စီးအောင် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“တိုက်ပွဲဖြစ်တာက ၁၀ နာရီလောက်ကနေစဖြစ်တယ်။ ပေါက်ကွဲသံအရင်ကြားပြီးမှ သေနတ်သံပြန်ကြားရတယ်။ အိမ်တောင်တုန်တယ်။ စစ်ရိက္ခာတင်တဲ့ကားတွေက ခါတိုင်းနေ့ဆိုအရမ်းများတယ်။ ဒီနေ့က ၄စီးလောက်ဘဲတွေ့ရတာ” ဟု ပြောဆိုသည်။

ယာဉ်တန်း တိုက်ခိုက်ခံရသောနေရာတွင် ၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကာ မိုးညှင်းဆေးရုံသို့ တင်ပို့လာကြောင်း သိရသည်။

“KIA ဘက်က ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ရှေ့ကတန်းက လူကြီးတွေနဲ့မေးကြည့်တယ်။ စစ်ကောင်စီဘက်က တော်တော်လည်း ထိခိုက်ပုံရတယ်။ ဘယ်လောက်ထိဆိုတာက အတိအကျတော့မသိရဘူး။ ကချင်ပြည်နယ်ဘက်ခြမ်းက လူနာတင်ကားတွေအများကြီးတွေ့ရတယ်” ဟု အထက်ပါ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ထိခိုက်သေဆုံးမှု များပြားခဲ့သောကြောင့် စစ်ကောင်စီတပ်သည် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးဖြင့်ပြန်လည် ပစ်ခတ်နေကြောင်း ထပ်မံ သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဘက်မှ စစ်အင်အားအများအပြား ကားလမ်းအတိုင်းပြန်တက်လာနေကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်မှ သိရပါသည်။

အဆိုပါနေရာတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၃၅ နယ်မြေဖြစ်သည်။

ဇူလိုင် ၂၉ ရက် ယမန်နေ့ညကလည်း ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်း၊ မိုးကောင်း စကခ ၃ နှင့် နမ္မတီး မရန်ကထာင် စစ်တပ်ဂိတ်တို့ကို KIA က ပစ်ခတ်ခဲ့သည်။

ထို့အပြင် ဇူလိုင် ၂၉ ရက်နေ့က မိုးမောက်မြို့နယ် လဂျားယန်ကျေးရွာတွင်လည်း စစ်ကောင်စီ ယာဉ်တန်းကို KIA က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button