တိုက်ပွဲသတင်း

နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်

မိုးကောင်းမြို့နယ် နမ္မတီးမြို့ နဲ့ မရန်ကထောင်ကျေးရွာကြားရှိ ဆီးဒင်ယန်ကျေးရွာတွင်  ယနေ့နံနက် ၄ နာရီခန့် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် မိုးကောင်းမြို့အနီးတွင် တပ်စွဲထားသော အမြောက်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီဒင့်ယန်ပြည်သူတစ်ဦးသေဆုံးသွားကြောင်း ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“သေနတ်သံတွေနဲ့ လက်နက်ကြီးသံတွေက ၄နာရီလောက်က စကြားရတယ်။ မိုးကောင်းအမြှောက်တပ်ဘက်ကနေ လက်နက်ကြီး တွေနဲ့ မရေတွက်နိုင်အောင် ပစ်နေတယ်။ အခုချိန်ထိတောင် ကြားနေရတုန်းဘဲ။ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်မှာ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲသွားတယ်။ အဲ့အိမ်ရဲ့ အမျိုးသားကို မှန်သွားတယ်လို့ ကြားတယ်”ဟု ပြောဆိုသည်။

လူနေအိမ်အတွင်း လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသူမှာ အသက် ၅၀နှစ်အရွယ် ကိုမိုးကျော်ခေါ်သူဖြစ်ပြီး သူ၏ ဦးခေါင်းပေါ်တွင် ကျည်စထိမှန်ကာ သေဆုံးသွားကြောင်းသိရသည်။

ယနေ့ နံနက် ဆီဒင့်ယန်ကျေးရွာတွင် တပ်စွဲနေရာယူထားသည့် စစ်တပ်ဂိတ်ကို KIA တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း ဒေသခံ များပြောဆိုနေသော်လည်း အသေးစိတ်အခြေအနေ မသိနိုင်သေးပါ။

ဆီဒင့်ယန်အနီး မရန်မထောင် စုပေါင်း စစ်ဆေးရေးဂိတ်ကို ယမန်နေ့ နံနက်ပိုင်းက  ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်ခဲ့သည်။

Show More

Related Articles

Back to top button