သတင်း

သေနတ်ဖြင့် ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ကျနော်တို့ကြားရတာတော့ မနေ့ည သေနတ်ပစ်ခံရပြီးနောက် ဗန်းမော်ဆေးရုံကို ပို့လိုက်ကြတယ်လို့ သိရတယ်။ ဒီမနက်ပြန်ကြားတာတော့ ဆုံးသွားပြီတဲ့” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦး က ပြောသည်။

သေဆုံးသွားသည့် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဩဂုတ်လ ၁ရက်ည ၉နာရီဝန်းကျင်အချိန် ၎င်း၏အိမ်အနီးတွင် သေနတ်သမားများက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီ အုပ်ချုပ်ရေးမှူးက ပြောင်းလာတာတော့ သိပ်မကြာသေးဘူး။ မနေ့ည သိရသလောက်ဆို သေသွားတဲ့အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့ စားသောက်ပြီး အိမ်ပြန်လာတဲ့ချိန် သူ့အိမ်နားမှာ စောင့်နေပြီးတော့ကို ပစ်တာတဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် မည်သည့်အဖွဲ့အစည်းက ပစ်သတ်သည်ကို မသိရသေးပါ။ သေဆုံးသွားသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦကျော်ဆွေသည် ပြီးခဲ့သည့် မေလအတွင်း ရန်ကုန်လှိုင်သာယာမှ အပြောင်းအရွေ့ဖြင့် ရောက်လာသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လကလည်း မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန ရုံးအနီး ဗုံးပေါက်ကွဲမှု ၁ ကြိမ်ဖြစ်ခဲ့ဖူးသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့ တိုက်ပွဲ ပုံမှန်ဖြစ်နေသော ဒေသဖြစ်ပြီး ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်မြို့နှင့် မိုးမောက် မြို့ တို့ ပါဝင်သည်။

Show More

Related Articles

Back to top button