တိုက်ပွဲသတင်း

ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြို တိုက်ခိုက်

ဖားကန့် လမ်းမပေါ်  နန့်ယားကျေးရွာ (Nam Ya Mare) မှ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ကပ်မှော်အုပ်စု နန့်တိန်း (Nam Tin Mare) နှင့် ပျားအုံ (Gat Noi Mare) ကျေးရွာ ၂ခုကြားရှိ ယုန်းတောင်(Yung Tawng) ကျေးရွာတွင် KIA တပ်မဟာ ၉ အောက် တပ်ရင်း (၄၄)အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု နန့်တိန်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်တပ်က ဖားကန့်ဘက်ကို ပြန်တက်လာကြတာ ဟုတ်တယ်။ KIA က လမ်းမှာကြိုစောင့် ဝင်ပစ်တဲ့ သဘောပါ။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာက ယုန်းတောင်ကျေးရွာမှာရှိတဲ့ ဒညှင်းသီးခြံတစ်ခုနားမှာ ပစ်ကြတယ်လို့သိရတယ်။ KIA ကအရင်မိုင်းခွဲတိုက်ခိုက်တယ်လို့သိရတယ်။ နောက်မှ လက်နက်ကြီးသံတွေပြန်ကြားရတယ်။ တိုက်ပွဲအချိန် တော်တော်ကြာ တယ်။ ဒါပေမယ့် အခုကပြန်ငြိမ်သွားပြီ” ဟု ပြောဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှု ရှိနိုင်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

ယနေ့နံနက် ကြားဖြတ် တိုက်ခိုက်ခံရသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ ဇူလိုင်လ ၂၉ရက်နေ့ ကားမိုင်းမြို့မှ နန့်ယားကျေးရွာဘက်သို့ တက်လာခဲ့ကြသည့် စစ်ကြောင်းဖြစ်ပြီး ထိုမှတဆင့် ယနေ့ ဖားကန့်ဘက်သို့ ပြန်လည်တက်လာခဲ့ရာ စောင့်ကြို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဖားကန့်လမ်းတွင် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ပျားအုံ၊ ခွမ်ဆိုင်ဇွပ်နှင့် တံတားညီနောင် နေရာများတွင် ပြီးခဲ့သော ဇူလိုင်လကလည်း အာဏာသိမ်းစစ်တပ်နှင့် KIA တို့ကြား ၃ကြိမ်ထက်မနည်း တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ထို့သို့ မကြာခဏတိုက်ပွဲဖြစ်ပွားမှုကြောင့် ဖားကန့်လမ်းတစ်လျှောက်တွင်ရှိသော ကျေးရွာ ၃ ခုမှ ဒေသခံ ၁၀၀ ကျော်သည် ဆိုင်းဖရာ ကျေးရွာတွင် စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

Related Articles

Back to top button