သတင်း

စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံလိုက်ရသော ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လငန်လွမ်းနော ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“ဆရာမကြီး ပြန်လွှတ်လာလို့ အရမ်းဘဲ ဝမ်းသာပါတယ်။ ဒီမနက်ပိုင်းလွှတ်တဲ့ထဲ ပါလာတယ်” ဟု ဆရာမနှင့် နီးစပ်သူ တစ်ဦးက KNG ကို ပြောသည်။

ယနေ့မြစ်ကြီးနား အကျဉ်းထောင်မှ ဆရာမကြီး လငန်လွမ်းနောအပါအဝင် အခြားသော ပညာရေးဝန်ထမ်းများ စုစုပေါင်း (၈) ဦး လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် အကျဉ်းသားအချို့ လွတ်‌ပေး မူနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးအားမေးမြန်းရာ ယခုလိုပြောသည်။

“သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်းပြည့်မှီလို့ ပြန်လွှတ်ပေးခြင်းဖြစ်တယ်” ဟု စစ်ကောင်စီခန့် မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပြောသည်။

ဆရာမ လငန်လွမ်းနောသည် ဆဒုံးမြို့နယ် အ.မ.က ဂူခန်ကျောင်းမှ ကျောင်းအုပ်ဖြစ်ပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလ၂၇ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြနေချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button