တိုက်ပွဲသတင်း

ဝိုင်းမော် အာဏာသိမ်းစစ်တပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့

ဝိုင်းမော်မြို့ အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၅၈ အဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယမန်နေ့ညက လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး KIO ဗဟိုဌာန ပြန်ကြားရေတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာနကို ယခုလို ပြောသည်။

“KIA အနေနဲ့က သွားရောက်ပစ်ခတ်တာမရှိပါဘူး။ ၅၈ တပ်ရင်းကနေ အကြောက်လွန်ပြီး တစ်ဖက်သတ် ပစ်တဲ့ သဘော ရှိတယ်လို့ အကြောင်းကြားလာတယ်”ဟု ပြောဆိုသည်။

ယမန်နေ့ည သန်းခေါင်အချိန်တွင် KIA က လာရောက်တိုက်ခိုက်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် ဂျေမောက်ကျေးရွာ (Je Mawk) ဘက်သို့ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကလည်း KNG ကို ထပ်မံ ပြောသည်။

“တိုက်ပွဲဖြစ်တာလဲမဟုတ်ဘူး။ KIA ဘက်ကလည်း လာမပစ်ဘူး။ သူတို့ဘက်ကဘဲ KIA ရှိနိုင်တဲ့ဘက်ကို ဦးတည်ပြီး ရမ်းပစ်နေတာ။ မနေ့ညဆို လက်နက်ကြီးဘဲ အချက် ၂၀ လောက်ရှိတယ်။ သေနတ်သံတွေလည်းကြားရတယ်။ ပြည်သူတွေက ထိတ်လန့်ကြတယ်။ တစ်ချို့က တိုက်ပွဲဖြစ်တယ်လို့ထင်ကြတယ်။ ဘာကြောင့် ပစ်တာလဲဆိုတာကို ကျနော်တို့လည်း မသိရဘူး”ဟု ပြောဆိုသည်။

အာဏာသိမ်းတပ်၏ လက်နက်ကြီးပစ်ခတ်သံများ ယနေ့ နံနက် ၄ နာရီအထိ ကြားခဲ့ရကြောင်း ထပ်မံ ပြောဆိုခဲ့သည်။

လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးပါ။

ပြီးခဲ့သည့်အပတ်တွင် အဆိုပါ ဝိုင်းမော်မြို့အခြေစိုက် ၅၈ တပ်ရင်းကို KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Show More

Related Articles

Back to top button