ကာမိုင်း မအူပင်ကျေးရွာ စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီးရှိ မအူပင်ကျေးရွာ၏ အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့ စစ်ခေါင်းဆောင် ဦးတင်အောင်သည် ဩဂုတ်လ ၁၁ရက်နေ့က ပစ်သတ်ခဲ့ရကြောင်း သိရသည်။
ပစ်သတ်ခံရသည့် ပြည်သူ့စစ်ခေါင်းဆောင်မှာ ကားမိုင်းမြို့မှ နန့်ယားသို့ NOAH ကားဖြင့် ပြန်လာခဲ့ရာ လမ်းတွင်သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ကားမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။
“ပစ်ခတ်ခံရတဲ့သူက မနက်ပိုင်းကနေ ကားမိုင်းကိုသွားလိုက်တာဟုတ်တယ်။ အဲ့ဒါညနေပိုင်းပြန်လာတော့ လမ်းမှာ ပစ်သတ်ခံရတာ ပါ။ ကျေးရွာ ၂ခုရဲ့ ကြားမှာ ဖြစ်သွားတယ်ဆိုတော့ အသံတွေလည်းမကြားလိုက်ရဘူး။ ဒဏ်ရာတွေကြည့်ချက်အရတော့ သေနတ် ဒဏ်ရာတွေဘဲပြောတယ်။ ပြီးရင် ကားပေါ်မှာလည်း သေနတ်ပေါက်ရာတွေဘဲ။ ကားရဲ့နောက်ဖုံး မှန်မှာတင် သေနတ်ထိရာ ၆ ချက်လောက်ရှိတယ်” ဟု ပြောဆိုသည်။
မအူပင်ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၄ နှစ်အရွယ် ဦးတင်အောင်၏ ကိုယ်ပေါ်တွင် သေနတ် ဒဏ်ရာ ၅ ချက်ထက် မနည်းထိမှန်ကာ သေဆုံးနေသည်ကို တွေ့ရသည်ဟု သူက ဆက်ဆိုသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကို မသိရသေးကြောင်းနှင့် ကားမိုင်းမြို့ ရဲတပ်ဖွဲ့လည်း လိုက်လံစစ်ဆေးနေသေးကြောင်း သိရသည်။
ဦးတင်အောင်သည် ယခင်က မအူပင်ကျေးရွာအတွင်း ပြည်သူ့စစ်ဂိတ်ချတပ်စွဲနေထိုင်သူဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာသဖြင့် နန့်ယားပြည်သူ့စစ်အဖွဲ့နှင့် သွားရောက် ပူးပေါင်းနေထိုင်ခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။