သတင်း

တရုန်ရောက် အာဏာသိမ်းတပ်ဖွဲ့အချို့ တခက်သို့ ဆက်လက်ချီတက်လာ

တနိုင်းရှင်ဗွေယန်လမ်းမပေါ် တရုန်ကျေးရွာတွင်ရောက်ရှိလာသော အာဏာသိမ်းစစ်တပ် အင်အား ၃၀ ဝန်းကျင်ခန့် သည် ယနေ့နံနက် ၈နာရီမှစတင်ပြီး တခက်ကျေးရွာဘက်သို့ ပြန်လည်ချီတက်သွားပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ တရုန်မှ တခက်ဘက်သို့ စစ်ကြောင်းပြန်လည်ချီတက်သွားသည့် တခက်ကျေးရွာအနီးတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ပါသည်။

စစ်တပ်ဘက်က စစ်အင်အား တစ်ချို့ တခက်ဘက်ကို ပြန်တက်သွားပြီ။ တိုက်ပွဲက ပြန်ဖြစ်မှာသေချာတယ်။ဟု ပြောဆိုသည်။

လက်ရှိတွင်လည်း တရုန်ကျေးရွာအတွင်း စစ်ဆေးမှု အလွန်တင်းကြပ်ထားကြောင်း သိရသည်။

ယမန်နေ့ မွန်းလွှဲ ၂နာရီခန့်အချိန်တွင် တရုန်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၁နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိ တရုန်ကျေးရွာမှ ဒေသခံ၂၀၀ ကျော်သည် တခက်ကျေးရွာနှင့် ရှင်ဗွေယန်မြို့ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါတရုန်၊ တခက်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့လားသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စက်တင်ဘာလ ၈ရက်နေ့တွင် တနိုင်းဘက်မှ ချီတက်လာသည့် စစ်ကြောင်းဖြစ်သည်။

Show More

Related Articles

Back to top button