တိုက်ပွဲသတင်း

မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ

ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်နေ့ကတည်းက မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသော သင်္ဘော ယနေ့ ညနေပိုင်းက ရွှေကူမြို့အဝင် ရွှေဘုံသာကျေးရွာတွင် ပစ်ခံရ‌ကြောင်း ဒေသခံများထံမှ သိရသည်။

“အဲသင်္ဘောက ရွှေကူမြို့အဝင် ရွှေဘုံသာရွာနားမှာညနေ ၆နာရီခွဲနားလောက်မှာ ပစ်ခံရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်အင်အားအပြည့်တင်ဆောင်ထားသည့် ပင်လုံသင်္ဘောပစ်ခံရပြီးနောက် စစ်ကောင်စီဘက်မှလည်း သင်္ဘော‌ပေါ်မှ ပြန်လှမ်းပစ်ကာ အပြန်အလှန်ပစ်ခတ်မူဖြစ်ခဲ့‌‌ကြောင်း သိရသည်။

“သူတို့က ပစ်ခံရတော့ မြစ်ကြောင်းတစ်လျှောက် ရွာဘက်ကို ရမ်းပစ်ပြီး တက်လာတာဟုတ်တယ်။ မိုးလဲရွာဆို လက်နက်ပြီးကျလို့ နေအိမ်တစ်လုံးမီးလောင်တယ်။ ပြီးတော့ ရွှေဂုန်တိုင်ရွာမှ ပြည်သူများနေအိမ်ထိမှန်ပြီး လက်နက်ကျည်စထိသူလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်သူသည်  ရွှေဘုံသာကျေးရွာမှ မလဲ့လဲ့ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။ထို့ပြင် ဒေသခံအချို့လည်း ဖမ်းဆီးခံရကြောင်း သိရသည်။

“ဖမ်းဆီးခံရတာလည်း ရှိတယ်လို့ ကြားရတယ် ဘယ်နှစ်ယောက်ဖမ်းခံရလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မူတွင် စစ်ကောင်စီဘက်မှ အထိအခိုက်များ ရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ သင်္ဘောသည် ပင်လုံအမည်ရှိ သင်္ဘောဖြစ်ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ဂေါဝိန်ရပ်ကွက်ရှိ ဂေါဝိန်ဆိပ်ကမ်းမှ စက်တင်ဘာလ ၉ရက်နေ့ နံနက် ၆နာရီခွဲထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

Related Articles

Back to top button