သတင်း

စစ်ကောင်စီတပ်က လူနေအိမ် ဖျက်ဆီးပြီး ဆန်နဲ့ တန်ဖိုးရှိ ပစ္စည်းများ ယူသွား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ ကောင်းစထီးကျေးရွာရှိ နေအိမ်တစ်အိမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိတဲ့ ပစ္စည်း နဲ့ ဆန်အိတ်များကို ယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီနေ့ ဖိုင်ကောင်း၊ ကောင်းစထီးရွာက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က အိမ်အကြိမ်တံခါးတွေ ထရံတွေ ဖျက်ဆီးလိုက်ပြီးနောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ နဲ့ ဆန်တွေ ယူသွားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အသေးစိတ်ကိုတော့ မသိရသေးကြောင်း “အချိန် အတိအကျ နဲ့ တန်ဖိုး ကိုတော့ မသိသေးဘူး။ အိမ်ရှင်တွေလည်း အိမ်ပြန်လို့ မရသေးဘူး” လို့ သူက ပြောပါတယ်။

ပန်ဆိုင်း(ကြူကုတ်) နဲ့ မုံးကိုး တို့မှာ ၂ ပတ်ခန့် တိုက်ပွဲ ခေတ္တငြိမ်သွားပြီး စက်တင်ဘာ ၁၆ ရက်နေ့ကစ စစ်ကောင်စီတပ်ဘက်က တင့်ကားနှစ်စီးအပါအဝင် အင်အားအလုံးအရင်းစစ်ကြောင်းထိုး ချီတက်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်နေ့ကစ ဖိုင်ကောင်း ကောင်းစထီးရွာအပါအဝင် နယ်စပ်တစ်လျှောက် မြို့နယ်ခွဲ ၂ ခုက ကျေးရွာ ၉ ရွာ ဒေသခံ ၁၄၀၀ ကျော်ဟာ စစ်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button