စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ်ကလေးနှင့် မိခင် ထိခိုက်ဒဏ်ရာ ပြင်းထန်
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မန်ခါး ကျေးရွာတွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံ ကလေးငယ်တစ်ဦးနှင့် မိခင် တို့ ၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၇ ရက် ည ၁၀ နာရီခန့် လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် မုံးကိုးမြို့နယ်ခွဲ ပူဝမ်ကျေးရွာအုပ်စု၊ မန်ခါးကျေးရွာရှိ ဦးတန်ဂွန်း၏ နေအိမ်တွင် ကျရောက်ခဲ့သောကြောင့် သူ၏အမျိုးသမီး နှင့် သားဖြစ်သူကို ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။
“မနေ့ည ၁၀ နာရီမှာ ကျွန်တော်တို့ ပူဝမ်ရွာကနေ ၁ မိုင်လောက် ဝေးတဲ့ မန်ခါး ရွာမှာ။ ခု ကလေးက အရမ်းစိုးရိမ်ရတယ်တဲ့။ မျက်စိနားမှာရော၊ ကိုယ်မှာရော၊ နားရင်းနားမှာရောထိသွားတယ်။ နား နားကတော့ ထုတ်လို့မရသေးဘူး။ ခု ဆရာဝန် တစ်ယောက်ကို သွားခေါ်နေတုန်း။ အဲဒီ ဆရာဝန် ရောက်လာမှ ထုတ် လို့ရမှာ။” ဟု ပြောသည်။
ဦးတန်ဂွန်း၏ အမျိုးသမီးဖြစ်သူ ဒေါ်လဘန်ရွယ်၏ ခြေထောက်တွင် ကျည်ထိမှန်ပြီး အသက် ၉ နှစ် အရွယ် သား မာဘုံ ၏ ဦးခေါင်း၊ နား အရင်းနား၊ ကိုယ်နဲ့ ခြေထောက် စသည့်နေရာများတွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်ခဲ့သည်။
စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း မုံးကိုးမြို့ ဖော်မော်၊ မန်ဂျက်ဘက်တွင်ရှိသော စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညနေပိုင်း ၄ နာရီကျော်တွင် ပန်ဆိုင်းဘက်မှ တက်လာသော စစ်ကောင်စီကား ၁၁ စီးကို နမ့်ဆူရွာအနီးတွင် ကိုးကန့် MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် မုံးကိုးမြို့နယ်ခွဲနှင့် ပန်ဆိုင်းမြို့နယ်ခွဲများတွင် စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရသူ ပြည်သူ ၃ ဦး၊ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံး ပြည်သူ ၆ ဦး၊ မိုင်းနင်းမိ သေဆုံးသွားသူ ၁ ဦး ရှိပြီ ဖြစ်သည်။
Bum Shep
Photo Crd# ဒေသခံ