သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မနက်ဖြန် ပူတာအိုလာတော့မည်ဟု ဒေသခံများပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် ပူတာအိုဒေသသို့ အောက်တိုဘာလ ၃ရက်နေ့ မနက်ဖြန် ရောက်ရှိလာမည်ဖြစ်သောကြောင့် စစ်တပ်ဘက်က ပြင်ဆင်မှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးနှင့် စစ်ကောင်စီလက်အောက် နယ်လုံတို့ ၂ ဦးသည် ပူတာအိုမြို့အခြေစိုက် ခလရ (၄၆) တပ်ရင်းသို့ အောက်တိုဘာလ ၂ ရက် ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ကြိုတင်ရောက်ရှိနေပြီဖြစ်ကြောင်း ပူတာအို ဒေသခံ တစ်ဦးက KNG သတင်းဌာနသို့ ပြောဆိုထားသည်။

“စစ်ကောင်စီ ဥက္ကဌ ပူတာအိုကို မနက်ဖြန်ရောက်လာမယ်လို့ ကြားတယ်။ ဒီနေ့ ၂ နာရီခွဲလောက်မှာ တိုင်းမှူးနဲ့ နယ်လုံဝန်ကြီး လည်း ပူတာအိုရောက်နေပြီ။ မနက်ဖြန်ရောက်တာနဲ့ ကောင်းမှုလုံကို အရင်လာပြီး တွေ့ဆုံပွဲနဲ့ ဘုရားဖူးတာတွေအရင်လုပ်မယ်လို့ကြားတယ်။ လုံခြုံရေးကအစ ပြင်ဆင်နေပြီလို့သိရတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီ ဥက္ကဌ၏ ယခု ပူတာအိုခရီးစဉ်တွင် ရက်ပေါင်းမည်မျှကြာမည်ကို မသိရသေးသော်လည်း ခရီးစဉ်တွင် နောင်မွန်နှင့် ခေါင်လန်ဖူးဒေသ ပြည်သူ့စစ်လက်အောက် စစ်သင်တန်းတက်နေသော အဖွဲ့များနှင့် တွေ့ဆုံရန်လည်း ပြင်ဆင်ထားသည်ဟု သူက ဆက်ဆိုထားသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်သည် မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပူတာအိုဒေသသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးအရဟု ပြောဆိုကာ အဆိုပါ ခရီးစဉ်ပျက်ပယ်သွားခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button