တိုက်ပွဲသတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်ပြီး စစ်ကောင်စီတပ် အင်အား အဆမတန် တိုးချဲ့လာ

ကချင် စစ်ကိုင်းတိုင်း နယ်စပ်တွင် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် စစ်ကောင်စီဘက်မှ စစ်အင်အား ပိုဖြည့်တင်းလာကြောင်း ဒေသခံများပြောသည်။

“စစ်အင်အားတော့ ထောင်ချီရှိနိုင်တယ်။ ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသိုဘက်ကို အဓိကထားပြီး နယ်မြေရှင်းလင်းရေးလုပ်မယ့် အနေအထားပါရှိနေပါတယ်။ လက်ရှိပင်လယ်ဘူးကောလင်း အနောက်ခြမ်းကိုအင်အား (၅၀၀) အထက် တောနင်းဝင်လာလို့ ရွာအချို့က ပြည်သူတွေတိမ်းရှောင်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ အင်အားတိုးချဲ့ ဝင်ရောက်လာသည့်အပြင် ကျေးရွာအချို့တွင်တပ်စွဲကာ နေထိုင်သောကြောင့် စစ်ကိုင်းတိုင်း တောင်ဘက်ခြမ်းရှိ ကျေးရွာ (၁၀) ရွာခန့်မှာ ထွက်ပြေးတိမ်းရှောက်နေရပြီ ဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိစစ်ကောင်စီတပ်များသည်  အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များသို့ အဓိကထားကာ စစ်အင်အားဖြည့်တင်းနေပြီး ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ပင်လည်ဗူး စသည့်မြို့နယ် (၄)ခုတွင်ပင် အနည်းဆုံး စစ်အင်အား ၂၀၀၀ ကျော် ရှိနိုင်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။

“ကျနော်တို့ ရထားတဲ့ သတင်းအရတော့ စစ်ကားတွေကလည်း နေ့တိုင်းဝင်နေဆဲဖြစ်တယ်။ ဒီနေ့ထိဆိုရင် အစီးရေ (၁၀၀) လောက်တော့ ရှိပြီ။ ပြီးတော့ ဗန်းမောက်ကနေ ပင်လည်ဘူးဘက်လာတဲ့ တောလမ်းမှာ ပျောက်ပျောက်သွားတယ်လို့ သိရတယ်။ အဲတော့ စစ်အင်အားကတော့ အတိအကျပြောရခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၂၂ရက်နေ့မှ ၂၇ရက်နေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ (၇၀) ခန့် သေဆုံးခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၂၆) ရက်နေ့မှစကာ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသိုမြို့နယ်များတွင် အင်တာနက်နဲ့ ဖုန်းလိုင်းများ ဖြတ်တောက်ခံရကာ စက်တင်ဘာလ (၂၆) ရက်နေ့ ဝမ်းဘဲအင်းတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မူများ ရှိခဲ့သည်။

လက်ရှိ စစ်ကိုင်းတိုင်း မြို့နယ် (၁၀) ခုတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အပြင် စစ်ဘေးရှောင်ပြည်သူများလည်း အမြောက်အများ ရှိနေကြောင်း သိရသည်။

သို့သော် ဆက်သွယ်ရေးခက်ခဲမူများ ရှိနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ပတ်သက်သည့်အချက်လက်များ တိတိကျကျ ရရှိရန်မှာ ခက်ခဲနေဆဲ ဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်းသို့ စစ်အင်အားတိုးချဲ့ရန် လမ်းကြောင်းဖြစ်နေသော စစ်ကိုင်းတိုင်းတွင် ရှေ့ဆက် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button