သတင်း

သယံဇာတတူးဖော်မှုများ ဆက်လက်ရပ်နားမည်ဟု စစ်ကောင်စီထုတ်ပြန်သော်လည်း မြေပြင်တွင် ဆက်လက်တူးဖော်နေ

သဘာဝသယံဇာတ ကျောက်စိမ်းရိုင်းတူးဖော်ရေးလုပ်ငန်းကို ဆက်လက်ရပ်နားထားမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသော်လည်း ဖားကန့်ဒေသတွင်မူ ဒေသလိုအပ်ချက်အရ မိုးရာသီကုန်လျှင် တူးဖော်မှု ပိုမိုများလာနိုင်ခြေရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

“အစိုးရဆိုတာလည်း မရှိတာကြောင့် တာဆီးမယ်ဆိုလည်း အားလုံးသိသလို စစ်တပ်က တရားဝင်အစိုးရလည်း မဟုတ်တာကြောင့် အစိုးရလို ဘယ်သူမှ လက်ခံတာကြောင့် သူတို့ရဲ့ ကြေညာချက် ၊ ထုတ်ပြန်ချက်တွေက ဘာမှအသုံးမဝင်ဘူး။ လုပ်နေကြတယ်။ ကျောက်ကြောရှိတဲ့ လုပ်ကွက်မှန်သမျှ တူးနေကြတာပဲ။” ဟု ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ကျောက်မျက်သယံဇာတကို သားစဉ်မြေးဆက် တူးဖော်နိုင်ရန် နှင့် ကိုဗစ်ရောဂါမှ ကာကွယ်နိုင်ရန် ဖားကန့်၊ လုံးခင်း၊ မှော်လူး၊ မှော်ဟန် စသည့် ရတနာနယ်မြေများရှိ လုပ်ငန်းအားလုံး ရပ်နားထားရန် ထုတ်ပြန်ထားသည်။

သို့သော် ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းအမြောက်အများသည် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းပေါ်သာ မှီခိုနေသောကြောင့် စစ်တပ်က တားမြစ်သော်လည်း ဆက်လက်တူးဖော်နေရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စက်ယန္တရားကြီးများနှင့် တူးဖော်မှုမျိုးများ မရှိသေးသော်လည်း ဒေသခံပြည်သူများကတော့ တနိုင်တပိုင် သယံဇာတတူးဖော်မှုများပြုလုပ်နေကြောင်း နောက်ထပ် ဖားကန့် ဒေသခံတစ်ဦးက ထပ်ပြောသည်။

“လုပ်ငန်းကြီး၊ စက်အင်အားကြီးသုံးပြီး လုပ်ဆောင်နေတာတွေတော့ မရှိသေးဘူး။ အခြား လုပ်ကွက်တွေမှာ ဒေသအလိုက် ညှိနှိုင်းမှုနဲ့ လုပ်နေကြတယ်။ အဲ့တာတောင်မှ မိုးတွင်း လုပ်လို့ရတဲ့နေရာအားလုံး လုပ်နေကြတာကို မိုးကုန်ပြီးရင်တော့ ပိုတောင် များလာလိမ့်မယ်။” ဟု ဖားကန့်ဒေသခံတစ်ဦး က ပြောသည်။

အာဏာသိမ်းစစ်တပ်မှ တားမြစ်ပိတ်ပင် စာများမည်မျှပင် ထုတ်ထားပါစေ ပြည်သူများအနေနဲ့ စစ်တပ်အား မိမိအစိုးရဟု မှတ်ယူခြင်းမရှိသလို ထုတ်ပြန်မှုများ လိုက်နာမည်မဟုတ်သကဲ့သို့ မိမိစားဝတ်နေရေးအတွက် ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုနေကြသည်။

ဖားကန့်မြို့နယ်ရှိ ပြည်သူများကို သတင်းစီးဆင်မှုရပ်တန့်စေရန် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ကာ လူ့အခွင့်အရေး ချိုးဖောက်ထားသည်မှာ ၁ လကျော်ပြီ ဖြစ်သည်။

Show More

Related Articles

Back to top button