သတင်း

မြန်မာ တရုတ်နယ်စပ် ဝမ်တိန် က မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တရုတ်ဘက်က ပြန်ခိုင်း

မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ရွှေလီမြို့နယ် ဝမ်တိန်မှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအားလုံးကို ကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစ  တရုတ်ဘက်က ပြန်ခိုင်းနေပြီလို့ ဝမ်တိန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

“မနေ့က မထွက်ခိုင်းဘူး။ နန်းတော်ပေါက်ကနေ နှစ်နိုင်ငံလွှဲပြောင်း ပို့ပေးမှာ။ ဒီနေ့ ဆိုင်ကယ်တွေရောဆိုရင် လူ ၃၀၀ ကျော်လောက်မယ်။ လူ ၆၀၀ လောက်ရှိတယ်။” လို့ ဝမ်တိန်မှာ နေထိုင်နေသူ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။

မူဆယ် နန်းတော် တရားဝင် အဝင်၊ အထွက်ဂိတ်ကို လတ်တလော တစ်ရက်ခြား မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လွှဲပြောင်းလက်ခံနေတယ်လို့ မြန်မာနိုင်ငံဘက်က လွှဲပြောင်းလက်ခံတဲ့ထဲမှာ ပါဝင်သူ ၁ ဦးက ပြောပါတယ်။

ပေါက်ဖော်ကဒ် သက်တမ်းလွန်တဲ့သူတွေ အကုန်ပြန်ရတာဖြစ်ပြီး တချို့က ပေါင်းအိုးတွေ၊ ဆန်တွေ၊ ခေါက်ဆွဲခြောက်တွေနဲ့ အခြား အသုံးအဆောင် ပစ္စည်းတွေကိုတောင် ယူချိန်မရပဲ အကုန်ထားပစ်ခဲ့ရကြောင်း  ပြောသည်။

“ပြန်ရပြီ။ ဘာမှ လုပ်မရတော့ဘူး။ ပေါက်ဖော်ကဒ် သက်တမ်းလွန်လို့။ နန်းတော်ပေါက်ကနေ ပြန်ပို့မယ် ပြောတာပဲ။ ပေါက်ဖော်ကဒ် သက်တမ်း ၁ လ ကျန်သေးတာတောင် မရဘူး။ ပြန်ဆိုတာ ကြီးပဲ။ ဘာမှတောင် ပြောခွင့်မရဘူး။” လို့ ပြန်လာဖို့ တန်းစီနေသူ အမျိုးသား ၁ ဦးက ပြောပါတယ်။

ဝမ်တိန်က နိုင်ငံခြားလုပ်သားများ ခန့်ထားတဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေအနေနဲ့ လုပ်သားတွေရဲ့ လုပ်အားခကို အောက်တိုဘာလ ၄ ရက်နေ့ည အပြီး ရှင်းပေးရန် နဲ့ အောက်တိုဘာလ ၅ ရက်နေ့ကစပြီး နေထိုင်ခွင့် အထောက်အထားမဲ့သူတွေ၊ တရားမဝင် နေထိုင်သူတွေနဲ့ နေထိုင်ခွင့် စာအုပ်သက်တမ်း ကုန်လွန်သွားတဲ့ သူတွေကို နေရပ်ပြန်ပို့ဖို့ တရုတ်ဘက်က မှာကြားထားပါတယ်။

ကုမ္ပဏီတွေအနေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား (မြန်မာနိုင်ငံသား) တွေကို ရှင်းလင်းရေးလုပ်ရန်၊ ဝမ်တိန် နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရဲစခန်းကနေ စာရင်းကောက်ပြီး ပြန်ပို့သွားမှာ ဖြစ်ကြောင်း တရုတ်ဘက်က  အသိပေး ကြေငြာစာ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

“ဒီစာထဲမှာ ရေးထားတာတော့ ရိုးရိုး ပြန်ခိုင်းတာမဟုတ်ဘူး။ ပြဿနာ တော်တော် ကြီးလို့ ပြန်ခိုင်းတဲ့ ပို့စံ။ အဓိက နေထိုင်ခွင့် စာရွက် စာတမ်း မပြည့်စုံတဲ့သူတွေ။  ဒါပေမယ့် ပြည်နှင်ဒဏ်တော့မဟုတ်ဘူး။ အရင်က ထုတ်ပြန်တဲ့ စာတွေ ဆိုရင် ပြစ်မှု တခုခု ကျူးလွန်ပြီး ပြန်ခိုင်းတဲ့ ပုံစံလိုမျိုးဟုတ်တယ်။ အဲဒါက လုံးဝ ပြန်ဝင်ခွင့်မရှိဘူး။ ခုဟာ က ပြန်ဝင်လို့ရတယ်။ နိုင်ငံခြားသား ခန့်ထားတဲ့ စက်ရုံ၊ ကုမ္ပဏီတွေ ၁ ခုမကျန် အကြောင်းကြားဖို့နဲ့  ၄ ရက်ည အပြီး လုပ်ခရှင်းပေးဖို့ ပါတယ်။ လူသန့် သွားအောင် သန့်ရှင်းရေး လုပ်လိုက်တဲ့ သဘောပါ။” လို့ တရုတ်-မြန်မာ ဘာသာပြန် ၁ ဦးက ရှင်းပြပါတယ်။

ကိုဗစ်ကာလကြား တရုတ်ဘက်က ရုံးများပိတ်ခဲ့တာကြောင့် မြန်မာလုပ်သားအများစုဟာ နေထိုင်ခွင့်အထောက်အထားမဲ့ ဖြစ်နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button