သတင်း

KIO နယ်မြေရှိ ပြည်သူများကို Covid-19 ကာကွယ်ရေး ပြန်လည် ထိုးနှံပေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ပြည်သူများကို အောက်တိုဘာလ ၄ ရက်နေ့မှစ၍ SINOVAC ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေပြီဟု လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။

လိုင်ဇာမြို့နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ ၄ ကြိမ်တိုင် စစ်ဆေးပြီးနောက် အသက် (၁၅) နှစ်အထက်နှင့် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။

“အခုက ကာကွယ်ဆေး မထိုးထားပဲ ဖြစ်ရင်ပိုဆိုးတယ်။ ဆေးထိုးထားရင်တော့ ခံနိုင်ရည်ရှိတာပေါ့။ ဒီမှာ ကိုဗစ်ဖြစ်တဲ့သူတွေကိုကြည့်ရင် အများစုက ဆေးမထိုးထားဘူး။ ဆေးထိုးထားတဲ့သူတွေက ဘာမှမဖြစ်ဘူး။ အခုဆေးက ၆၀% ကာကွယ်နိုင်တယ်။ သူတို့ခန့်မှန်းထားတဲ့ အချိန် antibody က အရင်က ၆လလို့ ပြောတယ် အခု ၆လတောင် မကတော့ဘူး။ ၆လ ပြည့်တဲ့ချိန် စစ်ကြည့်တဲ့ခါ antibody မကျဘူး။ တာကြောင့် နဲနဲကြာကြာတော့ ခံတယ်လို့ ယူဆတယ်။ တစ်ချို့က ၂ ခေါက် ၃ ခေါက်ထိုးရမယ်ဆိုပြီး ပြောနေကြတယ်။ ဘယ်လောက်အာမခံရှိတယ်ဆိုတာကို သိဖို့ ဆေးက antibody ကို စစ်ရမယ်။ antibody အကောင်ရေတွေ မလျော့သွားရင်တော့ နဲနဲတော့ အကျိုးရှိတာပေါ့။” ဟု ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးကို လက်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ နှလုံး ၊ သွေးတိုးရှိသူ ၊ ကိုယ်ဝန် ၃လရှိသည့် ကိုယ်ဝန်ဆောင်သည်များမှအပ ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးပေးခြင်းဖြစ်သည်။

လက်ရှိ အသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် SINOVAC ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO ၏ ထောက်ခံချက်ရရှိပြီးဖြစ်ပြီး KIO နယ်မြေတွင် ဆေးထိုးခံပြီးသူ အယောက် ၂သောင်းကျော် နီးပါးရှိနေပြီဟု သိရသည်။

“ကျမအနေနဲ့က ထွေထွေထူးထူး ဘာမှမခံစားရဘူး။ အိမ်က ကျမကလေးကတော့ ကိုဗစ်ဆေးထိုးကတည်းက အသက်ရှူကျပ်ပြီး အသက်ရှူမဝသလို ခံစားနေရတယ်။ ချောင်းဆိုးတာတွေဖြစ်တယ်။ အခုတော့ ကောင်းသွားပါပြီ အသက်ရှူမဝတာလောက်ပဲ ဖြစ်တော့တယ်။ ဒီကိုဗစ်ဆေးထိုးထားတာကြောင့် ကျမတို စစ်ရှောင်စခန်းက လူတွေ ကိုဗစ်ဖြစ်တာတွေ မရှိသလောက်ပဲ။ ဆေးထိုးထားတာက တော်တော်ထိရောက် တယ်လို့ ထင်တယ်။” ဟု လိုင်ဇာမြို့ ဝေကြိုင် စစ်ရှောင်စခန်းမှ ဒေါ်လုရာက KNG သတင်းဌာနကို ပြောသည်။

ဒုတိယကြိမ် ကိုဗစ်ကာကွယ်ဆေးကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထိုးပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးကြောင်း ဖိုင်ဗာကဒ်များကို ကိုဗစ်ကော်မတီရုံးတွင် ပြုလုပ်ယူရမည်ဖြစ်သည်။

လက်ရှိ KIO နယ်မြေရှိ သတ်မှတ်ထားသည့် မိုင်ဆပ်ပါ ၊ မြစ်ကြီးနားဟိုတယ်  ၊ လိုင်ဇာဟိုတယ် နဲ့ ဒွမ်ဘုံ Quarantine Center များတွင် Q ခံယူနေသူစုစုပေါင်း ၃၀၀ ဝန်းကျင်ရှိနေပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်တွင် ပိုးတွေ့လူနာထပ်တိုးခြင်း မရှိတော့ကြောင်း သိရသည်။

Show More

Related Articles

Back to top button