တိုက်ပွဲသတင်း

တနိုင်း လီဒိုလမ်းမပေါ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

တနိုင်းမြို့ကို စစ်ရိက္ခာပို့ပြီး ပြန်ခေါက်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို လီဒိုလမ်းမပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၃ နေရာထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက တနိုင်းဘက်သို့ ထွက်ခွာသွားသော စစ်ကောင်စီယာဉ်တန်းမှာ တနိုင်းမှ နေ့ချင်းတွင် ပြန်ခေါက်လာခဲ့ရာ တိန်းကောက်ကျေးရွာအနီးတဝိုက်တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြေဆိုခဲ့သည်။

“တနိုင်းကို တက်သွားပြီး ပြန်ခေါက်လာတဲ့အဖွဲ့ကို KIA က စောင့်ကြိုမိုင်းခွဲတယ်။ သိရသလောက်ဆို ၃ နေရာလောက်ရှိတယ်။ အသံက အကျယ်ကြီးကြားရတယ်။ စစ်ရိက္ခာသယ်တဲ့ စစ်ကားတွေလည်း ထိခိုက်ပျက်စီးတာတွေရှိတယ်လို့လည်း ကြားရတယ်။” ဟု ပြောဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရသော နေရာများမှာ တိန်းကောက်ကျေးရွာအဝင် တစ်ကြိမ်၊ တိန်းကောက် နှင့် ရဝမ်ကုန်းကျေးရွာ ၂ ကြားတွင် တစ်ကြိမ်နှင့် ရှဒူးဇွပ်ကျေးရွာအနီး ဂျမ်ဘူတောင် (Jam Bu Kadawng) အနီးတဝိုက် တစ်ကြိမ် စသည့် ၃ နေရာတွင် ဖြစ်သည်။

စစ်ကောင်စီ၏ ရိက္ခာသယ်ယာဉ်တန်းမှာ အောက်တိုဘာလ ၂ရက်နေ့ ရှဒူးဇွပ်ကျေးရွာတွင် ရောက်ရှိခဲ့ပြီး ၃ရက်အကြာမှ အောက်တိုဘာလ ၅ရက်နေ့တွင် တနိုင်းဘက်ကို ဆက်လက်ပို့ဆောင်ခဲ့သည်။ အဆိုပါ စစ်ရိက္ခာများ တနိုင်းအထိ သယ်ယူနိုင်ရန်အတွက် ရှဒူးဇွပ်ကျေးရွာမှ တနိုင်းမြို့အထိ စစ်အင်အား ၅၀၀ ခန့် ကားလမ်းမကြီးတစ်လျှောက် လုံခြုံရေးတင်းကြပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယနေ့ နံနက်ပိုင်း ၉ နာရီခန့်ကလည်း ကောင်ရာကျေးရွာအနီးတဝိုက် လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်သားများက တနိုင်းဘက်သို့ ဦးတည်ကာ ကားလမ်းမကြီးအတိုင်း လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ထွက်ခွာသွားပြီဖြစ်ကြောင်း ကောင်ရာဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“ဒီမနက် ကောင်ရာကျေးရွာအထက်ဘက်မှာ ကြားရတဲ့ လက်နက်သံတွေက တိုက်ပွဲသံမဟုတ်ဘူး။ ပြီးခဲ့တဲ့ ရက်မှ တနိုင်းဘက်ကနေ စစ်ယာဉ်တန်းတွေကို လုံခြုံရေးယူဖို့ တက်လာတဲ့အဖွဲ့တွေဖြစ်တယ်။ စစ်ယာဉ်တန်းတွေ ပြန်ခေါက်သွားပြီဆိုတော့ သူတို့က တနိုင်းဘက်ကို ပြန်တက်သွားကြတာပါ။ သူတို့တက်သွားတဲ့အတိုင်း ပစ်ချင်းချိတ်ပြီး ပြန်သွားကြတာဟုတ်တယ်” ဟု ပြောဆိုသည်။

ယမန်နေ့ တနိုင်းသို့ရောက်ရှိခဲ့သော စစ်ကောင်စီတပ် ရိက္ခာသယ်ယာဉ်တန်းမှာ ပြီးခဲ့သော စက်တက်ဘာလ ၂၈ရက်နေ့ နောက်ပိုင်း မိုးကောင်းမြို့နယ်ဘက်က တက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ယာဉ်တန်များမှာ ဒွမ်ဘန် အခြေစိုက် ခလရ ၂၉၇တပ်ရင်းတွင် ၄ ရက်ခန့်အကြာ ရပ်နားထားပြီးနောက် ရှဒူးဇွပ်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွားသွားခဲ့ခြင်း ဖြစ်သည်။

ဒွမ်ဘန်ကျေးရွာမှ ရှဒူးဇွပ်ကျေးရွာဘက်သို့ ပြန်လည်တက်လာခဲ့ရာ နောင်းမီ၊ ဝါရာဇွပ်၊ ဘန်ကောက်နှင့် အောင်ရာ စသော ကျေးရွာ အနီးတဝိုက်တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၂ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button