သတင်း

စစ်ကောင်စီတပ်မှ စိုင်ဒူးရွာသား(၅၀)ဦးခန့်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

ယနေ့နံနက် မကွေးတိုင်း ဂန့် ဂေါမှ ထွက်လာသည့် စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့မြောက်ဘက်ရှိ စိုင်ဒူးရွာမှ ဒေသခံ ၅၀ ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။

“လျှပ်စစ်ရုံးမှာ ပန်းရံလုပ်နေတဲ့ ၂၀ ဦးနဲ့ တောင်ယာသွားတဲ့သူတွေ ရွာထဲကလူငယ်တွေ စုစုပေါင်း အယောက် ၅၀ ကျော် လောက်ရှိမယ် ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဖမ်းဆီးခံရသူများထဲမှ သက်ကြီးရွယ်အိုနဲ့ တောင်ယာသွားသူများ အနည်းငယ်လွှတ်ပေးခဲ့သော်လည်း လူငယ်များ ၅၀ ခန့် ပါသွားသေးကြောင်း သိရသည်။

စိုင်းဒူးမှ ဟားခါးလမ်ဆုံအထိ ဖမ်းခေါ်သွားမည်ဟု စစ်တပ်မှပြောဆိုကြောင်း ခဏသာ ဖမ်းဆီးခံရပြီး ပြန်လွှတ်လာသူများမှ သိရသည်။

ထို့ပြင် လက်ရှိစစ်ကောင်စီယာဉ်တန်းသည် ဟားခါးလမ်းခွဲတွင် ရပ်နေကာ လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ်ပစ်နေကြောင်းလည်း သိရသည်။

“စစ်ကားအစီးပေါင်း ၁၅ စီးလောက်အနည်းဆုံးရှိမယ်။ ခုထိ အဲဟားခါးလမ်းခွဲနား ရပ်နေသေးတယ်လို့ သိရတယ်” လို့ ဒေသခံများနဲ့ နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံများအား ယခုကဲ့သို့လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားခြင်းသည် PDF များ၏ ပစ်ခတ်မူများမှ ကာကွယ်နိုင်ရန် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ‌နီးစပ်သူများက သုံးသပ်ကြသည်။

လက်ရှိ ဂန့်ဂေါ-ကလေးလမ်းတွင် စစ်တပ်က အင်အားတိုးချဲ့နေပြီး အကြမ်းဖက်မှုလုပ်ရက်များ ဆက်လက်ကြုံတွေ့နိုင်ဖွယ်ရှိသည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။

Show More

Related Articles

Back to top button