တိုက်ပွဲသတင်း

မုံးကိုး ဖောင်းဆိုင်ဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ ဖောင်းဆိုင်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ မနက် ၇ နာရီခန့်ကစ စစ်ကောင်စီ မုံးကိုးကနေ ဖောင်းဆိုင်ဘက်ကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေကြောင်း “မုံးကိုးကနေ လက်နက်ကြီးပဲ ပစ်တယ်။ ပစ်လိုက်၊ နားလိုက် ပဲ။ ဖောင်းဆိုင်ဘက် တော့ လက်နက်ကြီးရော၊ လက်နက်သေးရော ကြားနေရတယ်။” လို့ မုံးကိုး ဒေသခံ ၁ ဦးက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၄ နာရီခွဲခန့် (တရုတ်အချိန် မနက် ၆ နာရီခန့်) က စစ်ကောင်စီဘက်က စစ်ကား ၁၀ စီးခန့် အင်အားထပ်ဖြည့်ဖို့ မုံးကိုးဘက်သွားနေပြီလို့ မုံးကိုး နဲ့ ကြူကုတ် (ပန်ဆိုင်း) ကြားက ရွာခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ ည ၇ နာရီခန့်ကစပြီး ည ၁၀ နာရီ ခန့် အထိ ဖောင်းဆိုင်ဘက် လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်နေကြ‌ ကြောင်း “မနေ့ည ကျွန်တော်တို့ အိမ်နားက ဘော်လုံးကွင်းမှာ ကိုးကန့်တွေ လာပစ်တယ်။ အဲဒီနောက် ဒီမနက်တော့ တင့်ကား စမ်းပစ်တာလား မသိဘူး။ ခုဏထိ ပစ်‌နေတယ်။ ရွာထဲတော့ ဘာမှ မဖြစ်ဘူး။ ‌ရွာအပြင်ဘက် မို့လို့” လို့ ဖောင်းဆိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။

ပန်ဆိုင်းမြို့ အနီးက နမ့်ဘာတက် ရွာနားမှာလည်း ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ ညနေ ၅ နာရီ ၅၀ ခန့်ကစ ည ၈ နာရီကျော်ထိ မုံးကိုးဘက်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နမ့်ဘာတက် ရွာခံ ၁ ဦးက ပြောပါတယ်။

“အစကတော့ တရုတ်တွေ ဗျောက် ဖောက်တယ် ထင်နေတာ ဘယ်ဟုတ်မလဲ။ နှစ်ဖက် ပစ်တာ မီးလျှံတောင် မြင်ရတယ်။ မိုင်း ပေါက်သံတွေ လည်းကြားတယ်။ လက်နက်ငယ်ရောပဲ။ လက်နက်ငယ် ကျည်က ရွာဘက်ကျလာတာ တရုတ် အမျိုးသားတစ်ယောက်ရဲ့ ခါးနား ရှပ်ထိသွားတယ်” လို့ သူက ပြောပါတယ်။

ဒီလို ထိတွေ့တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆက်တိုက် ဆိုသလို ဖြစ်နေပြီး ဒေသခံတွေက တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင် တို့မှာ ဇူလိုင်လဆန်းပိုင်းကစ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေဆဲဖြစ်ပြီး လက်ရှိ စစ်ရှောင်စခန်းတွေမှာလဲ အမိုးအကာတွေ ဆွေးမြေ့ ပျက်စီးလာနေကြောင်း စစ်ရှောင်တွေက ပြောပါတယ်။

Bum Shep

Show More

Related Articles

Back to top button