သတင်း

ကသာမြို့ ဈေးသည် ၉ ဦးကို စစ်ကောင်စီမှဖမ်းဆီး စစ်ဆေးနေ

စစ်ကိုင်းတိုင်း ကသာမြို့တွင်း ဒေသခံ ဈေးသည် ၉ ဦးကို အောက်တိုဘာလ ၈ ရက်ညနေပိုင်းက စစ်ကောင်စီတပ်မှ  လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ရောက်ရောက်ချင်း အိမ်ကို ဝိုင်းပါတယ်။ ဖုန်းစစ်တယ် အိမ်ကို ရှာတယ်။ ဘာမှ မတွေ့ဘူးဆိုတော့ ခဏလိုက်ခဲ့ပေးပါဦး မေးစရာလေးရှိလို့ပါ ဆိုပြီး‌ ပြောတယ်။ ဖမ်းတာလားလို့မေးတော့ ဖမ်းတာမဟုတ်ပါဘူး မေးစရာရှိတာ မေးပြီးရင် ပြန်လွတ်ပေးပါ့မယ် လို့တော့ ပြောပါတယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ် မှ ခေါ်ဆောင်သွားခံရသူများမှာ စိန်လှိုင် ကိတ်ဆိုင်မှ ၁ ဦး၊ ကိုအီးတိန် ရွှေဆိုင်မှ ၁ ဦး၊ ဦး ကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ ဦး၊ ဦးကောင်းစမ်းရေအေးတည်းခိုခန်းမှ ၁ ဦး၊ စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ ဦး ၊ လှိုင်စာပေမှ ၁ ဦး၊ လင်းယုန် စာပေမှ ၁ ဦး၊ မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်း အရောင်းဆိုင်မှ ၁ ဦး၊ ဟောင်ကောင်စတိုးဆိုင်မှ ၁ ဦး တို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ယင်းဈေးသည် ၉ ဦးအား အမှတ် ၁ ရဲစခန်းတွင် အဖွဲ့လိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ၉ ဦးကို တိုင်ကြားသူများရှိသည့်အတွက် တိုင်းအဆင့်မှ စာထုတ်ပြီး ဖမ်းခိုင်းခြင်း ဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီ မှ ယင်းဈေးသည် ၉ ဦးအား စစ်ဆေးမေးမြန်းပြီးပါက ပြန်လည်လွှတ်ပေးမည်ဟု ပြောဆိုထားကြောင်းလည်း သိရသည်။

“မေးစရာရှိတာ မေးပြီးရင် ပြန်လွှတ်ပေးမယ်လို့တော့ ပြောပါတယ်။ ပြီးတော့ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်ပေးတယ်။ ဒါပေမယ့် အကြာကြီးတော့ မရပါဘူး ရဲ အစောင့်နဲ့ တွေ့ရတယ်

စခန်းဝင်းအပြင်ကနေပဲ စကားလှမ်းပြောရပါတယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယ‌နေ့ည ၈ နာရီဝန်းကျင် ကသာမြို့အမှတ် ၁ ရဲစခန်းအနီးတွင်ရှိသည့် မီးပွိုင့်အနီး ညကင်းစောင့်သည့် စစ်ကောင်စီတပ်များအား အမည်မသိ လူတစ်ချို့မှ လာရောက်ပစ်ခတ်သွားကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button