လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ထီးချိုင့် နှင့် အရာတော် တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနှင်းပြီး ဖမ်းဆီးမှုများပြုလုပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင်းမြို့နယ်ရှိ လေသာကျေးရွာတွင် ယနေ့ နံနက်ပိုင်းကစတင်ပြီး စစ်ကောင်စီဘက်မှ အင်အားသုံး ဝင်ရောက်စီးနှင်းလာသည့်အတွက် ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်ခဲ့ရာ PDF ဘက်မှ ၄ ကျဆုံးကာ စစ်ကောင်စီဘက်မှလည်း သေဆုံးသူရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

“ကျနော်တို့ သိထားသလောက် အနည်းဆုံး ၇ ဦးလောက် ထိထားတယ်လို့ သိရတယ်။ အဲထဲမှ ပအဖ ဘက်က ၄ယောက် သေဆုံးသွားတယ်လို့ သတင်းရရှိထားတယ်။ ပြီးတော့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့အလောင်းတွေလည်း ရှိသေးတယ်လို့ သိရတယ်။” ဟု မြေပြင်သတင်းပေးပို့သူများက ပြောသည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်သည် ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် လေသာကျေးရွာသို့ အရပ်ဝတ်ဖြင့် ဝင်ရောက်ပစ်ခတ်လာသည့်အတွက် ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)မှ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်နေ့ကလည်း အလယ်တောကျေးရွာအား အဝင်အထွက် ပိတ်ကာ ရွာတွင်း ဒေသခံအချို့လည်း ဖမ်းဆီးခံရကြောင်း ဒေသခံများမှ သိရသည်။

ထို့ပြင်  အရာတော်မြို့နယ် ဇရစ်ကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနှင်းနေသည့်အတွက် ‌ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး‌တိမ်းရှောင်နေရကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

“ဒီနေ့ နေ့လည်လောက်မှာ ရဲကားတွေရော၊ စစ်သားတွေ ဆိုင်ကယ်နဲ့ကော လာပြီးတော့ ပစ်ခတ်တာတွေ လိုက်လံဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ဒေသခံတွေလည်း အားလုံးနီးပါး ထွက်ပြေးနေရပြီလို့ သတင်းရထားပါတယ်” လို့ ဒေသခံတစ်ဦးထံမှ သိရသည်။

ဇရစ်ကျေးရွာသည် အရာတော်အရှေ့နယ် မုံရွာ‌-ရွှေဘိုလမ်းပေါ်တွင်ရှိသည့် ကျေးရွာဖြစ်ပြီး ယနေ့ စစ်ကောင်စီမှ ဝင်ရောက်စီးနှင်းမူများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူ ၂ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း စစ်ကိုင်းတိုင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ဝင်ရောက်စီးနှင်းမူများ ပြုလုပ်နေသည့်အပြင် ဒေသခံပြည်သူများအား လိုက်လံဖမ်းဆီးမူများ ပြုလုပ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသခံများမှ သိရသည်။

“ခုဒီရက်ပိုင်း စစ်ကောင်စီကနေ စစ်ကိုင်းတိုင်းထဲကို သိသိသာသာ ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတာတွေ့ရတယ်။ မနေ့ညလည်း အရာတော်မြို့ပေါ်ရပ်ကွက်က လူတွေတစ်ချို့ဖမ်းခံရတယ်လို့ သိရတယ်” ဟု နီးစပ်သူများက ပြောသည်။

အရာတော်မြို့နယ်သည် စက်တင်ဘာလ ၂၃ ရက်နေ့မှစကာ လက်ရှိချိန်ထိ အင်တာနက်ဖုန်းလိုင်းများ ဖြတ်တောက်ထားရဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ စစ်အင်အားများ ပိုမိုတိုးမြင့်ကာ ကျေးရွာအချို့အား ဝင်ရောက်စီးနှင်းမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button