သတင်းအင်တာဗျူး

ပင်လည်ဘူး PDF တပ်ဖွဲ့ဝင်တစ်ဦးဖြင့် ဆက်သွယ်မေးမြန်းခြင်း

စစ်ကိုင်းတိုင်းအတွင်း အင်တာနက် နဲ့ ဖုန်းလိုင်းပိတ်ထားသော ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ တပ်ချထားတဲ့အပြင် ကျေးရွာ ၁၂ ရွာခန့်ကလည်း ထွက်ပြေးနေရတဲ့အကြောင်း ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တစ်ဦးကို KNG က မေးမြန်းထားပါတယ်။

မေး – ပင်လည်ဘူး၊ ဝန်းသို ၊ ကောလင်း တို့တကြော အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ဘာတွေဖြစ်နေလဲ ။

ဖြေ – ပင်လည်ဘူးက ၂၆ ရက်နေ့လည်ပိုင်းကနေ အင်တာနက်လုံး၀ မရအောင်ဖြတ်လိုက်တယ်။ အင်တာနက်ဖြတ်လိုက်ပြီး မိနစ်အကြာမှာပဲ စစ်တပ်က လေယာဉ်နဲ့ စစ်ဖြစ်ပြီးနေရာ သုံးနေရာဝန်းကျင်ကို လည်လှည့် ပစ်သွားတာရှိတယ်။ လေကြောင်းနဲ့ပစ်ပြီး အခုသူတို့စစ်ကူက အဖက်ဖက်မှ အင်အား  ၁၂၀၀ ဝန်းကျင်လောက် ပင်လည်ဘူး ကိုဝင်ပြီး တပ်ချ နယ်မြေ စိုးမိုးရေး ရှင်လင်းရေး လုပ်နေပါတယ်။

မေး – စက်တင်ဘာ ၂၆ ရက်နေ့နောက်ပိုင်းမှာကော ပြင်းထန်တဲ့တိုက်ပွဲတွေရှိသေးလား။

ဖြေ – ၂၆ ရက်နေ့ နောက်ပိုင်းတော့ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်တော့ဘူး။ ၂၄၊ ၂၅၊ ၂၆ နေ့မှာဖြစ်လိုက်တဲ့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ စစ်ကောင်စီဘက်က အကျအဆုံးတော့ များတယ်။ အခုလက်ရှိကတော့ စစ်တပ်ဘက်က အင်အားတိုးချဲ့ပြီးတော့ တိုက်ပွဲဖြစ်တဲ့ အနီးအနားကျေးရွာတွေမှာ လူနေအိမ်တွေ ဖျက်ဆီးသွားတာမျိုး၊ PDF တွေရဲ့ ဝတ်စုံချူပ်ပေးတယ်လို့ သံသယဝင်ပြီးတော့ ချူပ်စက်ရှိတဲ့အိမ်တွေမှာ ချူပ်စက်တွေကို ဖောက်ချိုးသွားတာမျိုး အဲ့လိုမျိုးတွေရှိနေတယ်လက်ရှိ။

မေး – အင်တာနက်လိုင်းပိတ်ထားခံရတော့ ပင်လည်ဘူး မြို့နယ်မှ ပြည်သူတွေ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းအကိုင်တွေကို ဘယ်လိုခက်ခက်ခဲခဲ ဖြတ်ကျော်နေရလဲ၊ ဘယ်လိုရုန်းကန်လှုပ်ရှားနေတယ်ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ- အခု တချို့နေရာလေးတွေကတော့ ကျီးလန့်စာ စားဖြစ်နေပေမဲ့ ၂၄၊ ၂၅ ၊ ၂၆ နေ့မှာ တိုက်ပွဲဖြစ်သွားတဲ့ ကျေးရွာပေါင်း ၁၂ ရွာလောက်က ပြည်သူ ခန့်မှန်းခြေ ၂ သောင်းကျော်ကတော့ အိုးပစ် ၊ အိမ်ပစ် တခြားရွာတွေဆီ တိမ်းရှောင်နေရတာရှိတယ်။ စိုက်ခင်း၊ မိုးစပါး သီးနှံတွေ၊ တိရစ္ဆာန် ကျွဲ၊ နွား ၊ ကြက်၊ ဝက် အကုန် ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မေး – အဲ့လိုထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ ဘယ်လို နေထိုင် စားသောက်နေပြီး သူတို့ကို ကူညီတဲ့အဖွဲ့တွေကောရှိလား။ ဒါမှမဟုတ် ဘယ်လို ထွက်ပြေးနေရလဲ။

ဖြေ – စစ်ဆိုတဲ့ ဒဏ်ကို မကြုံဖူးတဲ့ဒေသဆိုတော့ ပြင်ဆင်ထားတာလည်း မရှိဆိုတော့ အရမ်းကြပ်တည်းပြီး အခြားတိုင်းရင်းသားဒေသေတွေမှာ ကြုံဖူးတာထက် ပိုပြင်းထန်ပြီး ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဖြစ်နေပါတယ်။ သူတို့ကို ကူညီပေးတာဆိုလို့ အခြား NGO လိုအဖွဲ့အစည်းလည်းမရှိ၊ အင်တာနက်လိုင်းလည်းမရှိဆိုတော့ အသိလည်းနည်းပြီး ဒေသခံတွေက သူတို့ခြေဦးတည့်ရာကို ထွက်ပြေးရင်းနဲ့ ရောက်တဲ့ရွာကနေပဲ ရိက္ခာလေးတွေပေး အဲ့လိုမျိုးတွေ ရှိနေပါတယ်။

မေး –   စစ်ကိုင်းတိုင်း မြို့နယ် ၁၀ မြို့မှာ အင်တာနက်လိုင်းပိတ်ထားတယ်လို့ သိရတယ်။ ဒီလို စစ်ကောင်စီက အင်တာနက်လိုင်းပိတ်ပြီး ဘာတွေလုပ်နေတယ်လို့ ခန့်မှန်းသုံးသပ်ရသလဲပေါ့နော်။

ဖြေ – သူတို့က မတရားအာဏာသိမ်းပြီးတဲ့အတွက် ကျနော်တို့ နိုင်ငံရေးလောကထဲကို ရောက်လာတယ်ပြောရမှာပေါ့။ နိုင်ငံရေး စစ်ရေးအမြင်လည်း ဒီလောက်ကြီးမသိဘူး။ ကျနော်တို့ သိသလောက်ပြောပြမယ်ဆိုရင်က ပင်လည်ဘူး၊ ကောလင်း ၊ ဝန်းသိုထက် စစ်ကိုင်းတိုင်းအထက်ဖျား EAO တိုင်းရင်းသားအဖွဲ့အစည်းတွေ နဲ့ ထိစပ်နေတဲ့ နေရာတွေကို သူတို့တော်တော် ထိန်းချူပ်ချင်တဲ့သဘောမှာ သက်ရောက်တယ်။ ဘာလို့ဆို ကျနော့်ရဲ့ မျက်မြင် သူတို့ စစ်အင်အားတွေဟာ  အဆမတန် တိုးချလာပြီး မြန်မာပြည် အထက်ကနေမှ အတက်အဆင်း လမ်းတွေမှာ တော်တော်ပိတ်ဆို့ စစ်ဆေးနေတာတွေ တွေ့ရတယ်။

မေး – ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို တကြော စစ်ကောင်စီက အင်အားဘယ်လောက်လောက်သုံးပြီး PDF တွေကို လိုက် ရှာဖွေနေတယ်၊ အင်အားဘယ်လောက်ထိ သုံးစွဲနေတယ်ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ – အခုလက်ရှိ ပင်လည်ဘူး မြို့နယ်ပဲ သိမယ်။ အခြားမြို့နယ်တွေတော့ အင်တာနက်လည်းမရတော့ အဆက်အသွယ်လည်း ကောင်းကောင်းမရဘူး။ ပင်လည်ဘူး မြို့နယ်တင်ပဲ အင်အား ၁၂၀၀ ဝန်းကျင် ရှိနေပါတယ်။ သူတို့ စစ်အင်အားတွေ ချသလို နေ့စဉ်နဲ့အမျှ ဂျက်လေယာဉ်၊ တိုက်လေယာဉ်လို ပုံစံမျိုးနဲ့ လာလာပျံဝဲ နေတာ နေ့စဉ်ရှိနေတယ်။

မေး – အခုစစ်ကောင်စီက ဘာကြောင့် ဒီ ပင်လည်ဘူးကိုပဲ စစ်အင်အားတွေ ဖြည့်နေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ – ကျနော်တို့ သုံးသပ်တာက ပင်လည်ဘူး မြို့မှာရှိတဲ့ ဒေသခံ PDF ကို သူတို့ရဲ့ ပထမဆုံးမြေမြင် ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေဟာ အထင်အရမ်းသေးတဲ့ ပုံစံမှာရှိတယ်။ အဲ့လို အထင်သေးပြီး သူတို့ ပေါ့ဆမှုနဲ့ ဝင်လာတဲ့ စစ်ကြောင်းတွေက စစ်ကြောင်းကို သေချာ မကွပ်ကဲနိုင်ပဲနဲ့ ဒေသခံ PDF နဲ့ ထိတွေ့တဲ့ချိန် သူတို့ အကျအဆုံး တော်တော်များတယ်။ ဒေသခံ PDF တွေ သူတို့ရဲ့ လက်နက်ခဲရမ်း အတော်များများကို သိမ်းဆည်းရမိ ထားလိုက်တယ်။ သူတို့ သံသယ ဖြစ်နေတာက PDF တစ်ခုထဲမဟုတ်ပဲ တိုင်းရင်းသား EAO နဲ့ KIA နဲ့ပေါင်းတိုက်တယ် KIA အင်အား တော်တော်များများ ရောက်နေတယ်လို့ သူတို့တွက်ထားပုံရတယ်။ ဒါကြောင့် သူတို့ ပင်ဘည်ဘူးကို တအားထိုးပိတ်နေတယ်လို့ ကျနော်ထင်တယ်ဗျ။

မေး – အစ်ကိုတို့က ဖုန်းလိုင်းရော အင်တာနက်လိုင်းရော ဘာမှမရတဲ့နေရာကဆိုတော့ သတင်းဌာနကတဆင့် လိုင်းရနေတဲ့ ပြည်သူတွေကိုရော၊ နိုင်ငံတကာကိုရော သိစေချင်တဲ့အရာ တောင်းဆိုချင်တဲ့အရာတွေရှိရင်လည်း ပြောပေးပါ။

ဖြေ – ပင်ဘည်ဘူးမြို့နယ် ကောလင်း၊ ဝန်းသို အဲ့ဒီဒေသတွေမှာ တချို့တလေ PDF တွေနဲ့ ထိတွေ့မှုဖြစ်လိုက်ရင် ၊ အခြားတနိုင်ငံလုံး PDF နဲ့ ထိတွေ့မှုဖြစ်လိုက်ပြီဆိုရင် စစ်တပ်က ဒေသခံPDF တွေကို အငြိုးကြီးကြီးနဲ့ ကျေးရွာတွေ ဝင်ပြီး ဖျက်ဆီးတာ ၊ ပတ်သက်ရာ ပတ်သက်လို သံသယတွေနဲ့ မလုပ်ပေးဖို့ ကမ္ဘာနိုင်ငံကရော တတ်စွမ်းသမျှ ကူညီပေးကြပါ။ ကျနော်တို့ အကူအညီတော့ အရမ်းလိုအပ်နေပါတယ်ဗျ။ အင်တာနက်ပြတ်တောက်တာရော ၊ ဖုန်းလိုင်းပြတ်တောက်တာရော ဖြစ်နေတာကြောင့် ဒေသခံပြည်သူ ၂ သောင်းဝန်းကျင်ဟာ ဒုက္ခရောက်နေပါတယ်။ အဲ့တာတွေအတွက် ဆေးဝါးနဲ့ နေ့စဉ်စားသောက်ဖို့ အကူအညီလိုအပ်နေပါတယ်။

မေး – ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဖြည့်ပြောပြလိုတာလေးရှိနေသေးရင် ပြောပြပေးပါ။

ဖြေ –  အခုလောလောဆယ်ဆယ် ပင်လည်ဘူးမြို့နယ်မှာ စစ်တပ်အင်အား ၁၂၀၀ နဲ့ ကင်းပုန်းတစ်မျိုး၊ ပိုတင် တစ်မျိုးနဲ့ ကားတစ်မျိုး သုံးပြီး စစ်ကြောင်း ဖြန့်ထိုးနေတာတွေရှိတယ်။ အောက်တိုဘာ ၅ ရက်နေ့မှ ၇ နေ့အထိ ပင်လည်ဘူးမြို့နယ်အစပ်က မှန်ဒေါင်ပေါ်မှာ စစ်အင်အား ၁၅၀ ၊ ၂၀၀ ဝန်းကျင်လောက် တက်ထိုးထားပြီး မြို့ဝင်မြို့ထွက်လမ်းတွေမှာ ပိတ်ပြီး စစ်ကြောင်းဖြန့်ထိုးထားတာတွေရှိနေပါတယ်လို့ ပြောချင်တယ်။

Show More

Related Articles

Back to top button