သတင်း

KIO ပညာရေးအထက်တန်းကျောင်းများကို ၄ လအတွင်းအပြီးသင်ကြားရန် ကျောင်းပြန်ဖွင့်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေ လိုင်ဇာမြို့ နှင့် မိုင်ဂျာယန်မြို့တွင် ၆ လခန့်အကြာ ပိတ်ထားခဲ့သည့် စာသင်ကျောင်းများ ယခုပတ်မှ စတင် ဖွင့်လိုက်ပြီဖြစ်ကြောင်း KIO ဗဟိုပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ၉ တန်း ၊ ၁၀ တန်း ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအတွင်းနေထိုင်စေကာ သင်ကြားပေးသွားမည်ဟု KIO ဗဟိုပညာရေးဌာန ဒုအတွင်းရေးမှူး ဆရာနော်လောန် က KNG ကချင်သတင်းဌာနကို ပြောသည်။

“ ၉တန်း ၁၀ တန်းကျောင်းတွေကိုတော့ ဘော်ဒါကျောင်းတက်သလို ကျောင်းမှာပဲ တစ်ခါတည်းထားပြီး သင်ကြားပေးသွားဖို့ ရှိတယ်။ သူတို့တွေကိုတော့ ဒေသအတွင်း ကိုဗစ်ရောဂါတွေ ပြန်ပြီးတွေခဲ့ရင်တောင် ကျောင်းဘော်ဒါဆောင်ထဲမှာပဲထားပြီး ကျောင်းပြီးအောင် ဆက်သင်သွားဖို့ လုပ်ဆောင်နေပါတယ်။ ရပ်ဝေးက ကျောင်းလာတက်ပြီး ပြန်သွားတဲ့သူတွေကို ကျောင်းတက်ဖို့တော့ ပြန်ခေါ်တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ကျောင်းပြန်ဖွင့်ပြီဆိုတော့ သူတို့ အနေနဲ့ တက်ချင်ရင် လာခဲ့မှာပါ။ လာခဲ့တဲ့အချိန်မှာလဲ သူတို့ရောက်တဲ့နေရာမှာ ဆေးစစ်ပြီးမှ ကျောင်းမှာ လက်ခံဖို့ ရှိပါတယ်။”  ဟု ဆိုသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် အထက်တန်းကျောင်းသား ၁၆၇၁ ဦး ၊ အလင့်ဘွမ်ကျောင်းတွင် ၂၀၆၀ ဦး ၊ မိုင်ဂျာယန်ကျောင်းတွင် ၁၈၆၁ ဦး၊ မုန်မြစ်ဆင်လီကျောင်းတွင် ၃၀၀ ဦးနှင့် အင်ဂွမ်လကျောင်းတွင် ၁၀၀၀ ကျော် စုစုပေါင်း ကျောင်းသား ၆၈၉၂ ကျော်ရှိသည်။ ထိုကျောင်းသားများအနက် လိုင်ဇာမြို့ပေါ်ရှိ ၉ တန်း ကျောင်းသားများမှအပ ကျန်ကျောင်းသားများအားလုံးမှာ ကျောင်းတွင် ဘော်ဒါဆောင်နေပြီး သင်ကြားခံယူရမည်ဖြစ်သည်ဟု သိရသည်။

ဒေသတွင်း COVID-19 ရောဂါကူးစက်မှု မြင့်တက်လာခဲ့လျှင် ၉ တန်း နှင့် ၁၀ တန်းကိုသာ အဓိကထား၍ ၄ လအတွင်း စာသင်ကြားပြီး ၂၀၂၂ ခုနှစ် ဧပြီလ လယ်ခန့်တွင် စာမေးပွဲကြီး ပြုလုပ်သွားမည်ဟု သိရသည်။

“ကျနော်တို့ ကျောင်းဖွင့်တာက ဒေသတွင်းက လူငယ်တွေ အရွယ်ငယ်သေးတဲ့ ကလေးတွေ ပညာရေးမပျက်သွားဖို့ နဲ့ ၉ တန်း ၁၀ တန်းကလေးတွေကိုတော့ ကိုဗစ်အခြေအနေဆိုးလာလည်း သူတို့ကိုတော့ စားမေးပွဲဖြေနိုင်အောင် ကျောင်းပြီးအောင် ပြုလုပ်သွားမှာပါ။ အခုက ဘယ်လုပ်ငန်းခွင်ပဲ ဝင်ဝင် ၁၀တန်းအောင်တော့ ဖြစ်မှ ရမှာလေ။” ဟု ဆက်ဆိုသည်။

KIO အစိုးရအနေဖြင့် ဒေသတွင်း COVID-19 ရောဂါ နှင့် ပညာရေးများကို စနစ်တကျ လုပ်ဆောင်မှုအပေါ် ကျေနပ်ကြောင်း ဒေသခံ မိခင်တစ်ဦးက ယခုလို ပြောဆိုထားသည်။

“အိမ်က ၉တန်း သမီးအငယ်က အိမ်မှာနေပြီး ကျူရှင်တက် ကျောင်းသွားနေတယ်။ ၁၀ တန်းတွေတော့ အချိန်တိုအတွင်းမှာ အစိုးရအနေနဲ့ ကောင်းကောင်းမွန်မွန်ခေါ်ပြီးစာသင်ကြားတဲ့ စနစ်ကိုတော့ ကျမ မိခင်ဖြစ်သူအနေနဲ့ ကောင်းတယ်လို့ မြင်ပါတယ်။ ပုံမှန်ကျောင်းတတ် သင်ကြားမှုကနေအချိန်တိုအတွင်း ဖိသင်ပြီး လုပ်ရမယ်ဆိုတော့ ကလေးတွေတော့ နဲနဲပင်ပန်းမှာပါ။” ဟု ဒေါ်ဂျာရိန်က KNG ကချင်သတင်းဌာနကို ပြောပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းခင်ကာလအထိ COVID-19 ရောဂါကူးစက်မှု မရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတ်လခန့်မှစတင်၍ ယခုချိန်ထိ ရောဂါ ကူးစက်ခံရသူများ ရှိနေဆဲဖြစ်သည်။

ထို့နောက် ယခုခါတွင် လိုင်ဇာမြို့နှင့် မိုင်ဂျာယန်ဒေသတွင် ကူးစက်မှုနှုန်းမှာ စိုးရိမ်သတိထားသင့်သည့် အခြေအနေမျိုး ရှိနေသေးသည့်အတွက် ပြည်သူများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ နေထိုင်ကြရန် KIO COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီက တိုက်တွန်းထားဆဲဖြစ်သည်။

Show More

Related Articles

Back to top button