လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဆိုင်းဖရာဒေသခံ ၂ ဦးကို စစ်ကောင်စီက ကြိုးတုတ်ရိုက်နှက်ပြီးနောက် ပြန်လွတ်ပေး

ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာမှ စစ်ကောင်စီတပ်သားများ ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံပြည်သူ ၂ဦးကို ကြိုးတုတ်ရိုက်နက်မှုများပြုလုပ်ပြီးနောက် ယမန်နေ့ညနေပိုင်းက ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၄ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဆိုင်းဖရာကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၉ နာရီခန့်အကြာ ညနေပိုင်း ၇ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ပြည်သူ ၂ဦးကို စစ်ကောင်စီတပ်သားများက နန့်ယားစစ်တပ်နှင့် နီးသည့်တောတွင်းတစ်နေရာတွင် ကြိုးတုတ်ဖမ်းဆီးထားပြီး KIA နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြောဆိုကာ ခြိမ်းခြောက်ရိုက်နက်ခဲ့ကြောင်း ဖမ်းဆီးရိုက်နက်ခံရသူ တစ်ဦး၏  မိသားစုဝင်တစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“၂ယောက်ထဲကနေ တစ်ယောက်ကိုတော့ ရိုက်နက်ထားတာအများကြီးဘဲ။ မေးကြည့်တော့ ကြိုးတုတ်ပက်လက်လှန်ပြီး သူတို့ရဲ့ စစ်ဖိနပ်နဲ့ ရိုက်တယ်။ ပြီးတော့ ကန်ဆောင့်တာလုပ်တယ်လို့ပြောပြတယ်။ ဒဏ်ရာတွေ့ရသလောက်က ဦးခေါင်းဘက်မှာ များတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ဦးမှာ ဆိုင်းဖရာကျေးရွာမှ ၁၉ နှစ်အရွယ် မောင်ဇခုန်မုန်ရာနှင့် အသက် ၃၀ အရွယ် လဘန်ယောဟန်တို့ဖြစ်ကြပြီး လဘန်ယောဟန်သည် စစ်တပ်၏ ရိုက်နက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု သိရသည်။

ထိုသူ ၂ ဦးကို ဆိုင်းဖရာကျေးရွာတာဝန်ရှိသူများက အာမခံပြောဆိုမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဆိုင်းဖရာကျေးရွာ၏ အမြောက်ဘက်ခြမ်း ၁ မိုင်ခန့်တွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံပြည်သူ တစ်ချို့၏ ပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button