တိုက်ပွဲသတင်း

စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဖားကန့်လမ်း ကျေးရွာ ၃ခု ထွက်ပြေးတိမ်းရှောင်နေရ

ဖားကန့်မြို့နယ် မာနော့မှော် (Ma Naw Maw) အနီးတိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီတပ််မှ လေကြောင်းဖြင့် တိုက်ခိုက်သောကြောင့် ဖားကန့်လမ်း​ပေါ် တွင်ရှိသော ကျေးရွာ ၃ခုမှာ လက်ရှိထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့ညနေ ၆နာရီဝန်းကျင်အထိ မာနော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး KIA ဘက်က စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ခန့်ကို မာနော့ကျေးရွာအနီး တောတွင်းတစ်နေရာတွင် ဝိုင်းရံပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်က လေကြောင်းလိုင်းဖြင့် ဆက်တိုက်လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။
ထို့ကြောင့် ဖားကန့်သွားလမ်းမပေါ် မာနော့ကျေးရွာနှင့်တစ်ဆက်တည်းရှိသော တံတားညီနောင်၊ ခွန်စိုင်ယန်နှင့် ဂေါ့လူယန် စသော ကျေးရွာ ၃ခုခန့်၏ ဒေသခံအိမ်ခြေ ၅၀ ဝန်းကျင်ခန့်က နီးစပ်ရာ ဆိုင်းဖာရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ဆိုင်းဖာဒေသခံ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။
“တိုက်ပွဲက အခုချိန်ထိ မရပ်သေးဘူး။ ၄နာရီလောက်ခွဲလောက်မှာ ဂျက်လေယာဉ် ၂စီးနဲ့ ဗုံးလာကြဲသွားသေးတယ်။ ၂ဖက်စစ်တပ်က စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်။ KIA ဘက်ကလည်း နောက်ဆုတ်တာမရှိသေးဘူး။ ဗမာစစ်သားတွေကို ထွက်လို့မရအောင် ပိတ်ဆို့ထားသေးတယ်။ အဲ့ကြောင့်စစ်ကောင်စီဘက်က လေလိုင်းနဲ့ မကြာခဏလာတိုက်နေတယ်။ လေကြောင်းလိုင်းနဲ့ဘဲလာတိုက်တော့ ရွာ ၃ရွာက ဒေသခံ ၅၀လောက်ရှိမယ်။ ဆိုင်းဖရာဘက်ကို တိမ်းရှောင်လာကြတယ်”ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ထက် မနည်းရှိပြီး တစ်ကြိမ်တွင် ဂျက်လေယာဉ် ၂စီးနှုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး နန့်ယားကျေးရွာ စစ်တပ်ကုန်းမှလည်း တိုက်ပွဲဖြစ်ပွားသည့်ဘက်သို့ လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ယနေ့ မာနော့ကျေးရွာအနီး စစ်ကောင်စီတပ် နှင့် KIA တို့ နံနက် ၇နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၂နာရီခန့် အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂ဖက်တပ် ထိခိုက်သေဆုံးမှုများကြောင်းလည်းသိရသည်။
လက်ရှိ KIA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီအဖွဲ့မှာ ဇန်နဝါရီလ ၂ရက်နေ့တွင် စစ်အင်အား ၈၀ ဝန်းကျင်ခန့်က ကားမိုင်းမြို့ဘက်မှ ဖားကန့်ဘက်သို့စစ်အင်အားတိုးချဲ့ရန် တက်လာခဲ့သည့်အဖွဲ့ဖြစ်ပြီး KIA တပ်မဟာ (၉) လက်အောက် တပ်ရင်း ၄၄ အဖွဲ့က မာနော့မှော်ကျေးရွာ၏ လမ်းခုလပ်တစ်နေရာတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာ ၃ခုမှာ ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်လည်း ဖားကန့်သွားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဆိုင်းဖာရာကျေးရွာတွင် ၁ပတ်ခန့်အကြာ တိမ်းရှောင်ခဲ့ရပြီးနောက် ယခုထပ်မံတိမ်းရှောင် ရခြင်းဖြစ်ပါသည်။
Show More

Related Articles

Back to top button