Covid-19 Reportingသတင်း

KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဝင်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် အိုမီခရွန်လက္ခဏာတွေ့ရှိ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့  ၀င်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်-Omicron လက္ခဏာရှိသည့်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

“ဟိုတလောက ရန်ကုန်ကနေ၀င်လာတဲ့ တစ်ယောက်ကို ဆရာ၀န်တွေစစ်ကြည့်တော့ အိုမီခရွန်လက္ခဏာနဲ့ အရမ်းတူနေလို့ လူနာကိုတခြားမှာ သီးသန့်စောင့်ကြည့်လူနာအဖြစ် သီးခြားခွဲထားတယ်” ဟု KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်း၀မ်က KNG ကချင်သတင်းဌာနကို ပြောသည်။

အဆိုပါ အိုမီခရွန်ရောဂါ သံသယလူနာသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မှ ဝင်ရောက်လာသူဖြစ်ကာ လက်ရှိချိန်တွင် သီးခြားစောင့်ကြည့်လူနာအဖြစ်ထားရှိသည့်အပြင် ဆက်စပ်သူများအား စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် လိုင်ဇာမြို့တွင်း ဖေဖော်ဝါရီလ နှစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးထိရှိသည့်ခဲ့အပြင်  ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်-Omicron ကိုပါ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ပြည်သူများအနေဖြင့် ယခင်ထက်ပိုမို ဂရုစိုက်သွားဖို့လိုအပ်ကြောင်းလည်း  ဗိုလ်မှူးကြီးဟိန်းဝမ်က ဆက်ပြောသည်။

“ကျနော်တို့ မုန်လိုင်ခက်မှာ ကိုဗစ်ပိုးတွေ့လူနာ ၄၀ ရှိသွားပြီ လိုင်ဇာမှာစာသင်ကျောင်းတွေ ၊စျေးဆိုင်တစ်ချို့တွေမှာ ကိုဗစ်ပိုးစစ်ကြည့်တော့ပိုးကူးစက်ခံရသူတိုးတိုးလာတယ်” KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူဦးရေ တစ်သောင်းဝန်းကျင်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ လိုင်ဇာမြို့ရှိ ဈေးဆိုင်အချို့နှင့် စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ‌‌ပိုး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကော်မတီမှ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင်‌ ဖေဖော်ဝါရီ ၃ ရက်နေ့ထိကိုဗစ်မျိုးကွဲသစ် အိုမီခရွန်-Omicron ပိုးတွေ့လူနာစုစုပေါင်း ၃၄၈ ဦး ရှိပြီဖြစ်‌ကြောင်း စစ်ကောင်စီတပ်၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button