တိုက်ပွဲသတင်း

မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့် KIA တပ်စွဲထားသည့် မိုးမောက်မြို့ ခါနန်ရပ်ကွက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို ဝဝမ်ကျေးရွာ နှင့် ခါနန်ရပ်ကွက်ကြားတွင် KIA မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ခါနန်ရပ်ကွက်နေ အမျိုးသားတစ်ဦး KNG သတင်းဌာနသို့ ပြောသည်။

”တိုက်ပွဲဖြစ်တာဟုတ်တယ် စစ်ကောင်စီတပ်တွေက KIA ရှိတဲ့နေရာကို သိသိကြီးနဲ့စစ်ကြောင်းထိုးလာတာဗျ။ အဲ့ကြောင့် KIA ဘက်ကလည်း ဒီတိုင်းငြိမ်ထားလို့မရဘူးဆိုတဲ့ အနေအထားမှာ တိုက်ပွဲဖြစ်တာအခုဖြစ်နေတာက ခါနန်ထိပ်မှာဖြစ်နေတာ ဒီခါနန်မှာက လွန်ခဲ့တဲ့ လေးလလောက်ကတည်းက KIA က နေထားတာဟုတ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦး ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက် အကျအဆုံးရှိနိုင်ပြီး KIA ဘက်တွင် အကျအဆုံးရှိ မရှိ လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း ပြောသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကူလာနေသည်ဟု ကြားရကြောင်း ၎င်းက ဆက်ပြောသည်။

”နှစ်ဘက်အကျအဆုံးကတော့ မသိရသေးဘူး။ ကျနော်ထင်တာကတော့ KIA က စစ်ကောင်စီတပ်သားတွေ လာနေတယ်ဆိုတာသိတော့ ကြိုသိပြီးပြင်ဆင်ထားတော့ KIA ဘက်ကတော့အကျအဆုံးမရှိလောက်ဘူး။ အကျအဆုံးရှိရင်တောင် စစ်ကောင်စီဘက်ကပဲများမယ်ထင်တယ်။ စစ်ကောင်စီဘက်ကို စစ်ကူအနေနဲ့ ငါးဆယ်လောက် တက်လာနေတယ်လို့ ကြားတယ်။ အတိအကျတော့ ပြောလို့မရဘူး သူတို့လည်းအခုကပြန်ဆုတ်တော့ ဆုတ်နေတယ် သို့ပေမယ့်အပြီးအပိုင်ဆုတ်ခွာတာလား ခဏပဲဆုတ်တာလားတော့မသိသေးဘူး” ဟု ခါနန်ရပ်ကွက်နေ အမျိုးသားတစ်ဦး ကပြောသည်။

တိုက်ပွဲသည် ခါနန်ကျေးရွာနှင့် မိုင်ဝက်ခန့်တွင်ဖြစ်ပွားခဲ့သည့်အတွက် ရွာသားများ ထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးပါ။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် မတ်လ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြန်လည်စတင်လာခဲ့ပြီး မတ်လ ၂၅ရက်နေ့တွင် KIA သည် မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ဗျူဟာကုန်းဖြစ်သော အလောဘွမ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော၊ စီဟတ်‌ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဘက်မှ ထိုးစစ်ဆင်လာသည့်အပြင် လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အပြင် တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်လာသည့်အတွက် သံ‌ဃာတော်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၀ဦး ထက်မနည်း သေဆုံးခဲ့သည်။

ယနေ့တိုက်ပွဲဖြစ်သည့်နေရာသည်  မြို့သစ်၊ ကုန်းလောကျေးရွာများနှင့် ၁၀မိုင်ခန့်ကွာဝေးသည်။

Show More

Related Articles

Back to top button