သတင်း

နေရပ်ပြန်စစ်ရှောင်အချို့ လက်နက်ကြီးထိမှန်ပြီး ၃ ဦးသေဆုံး ငါးဦးဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် စစ်ရှောင်‌‌နေကြရသည့် ပြည်သူများ ဖေဖော်ဝါရီလ ၁၇ရက်နေ့ နေရပ်ပြန်လာသည့်လမ်းတွင် လက်နက်ကြီးပစ်ခတ်ခံရသဖြင့်  ၃ ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများအား ကူပေးနေသူများထံမှ သိရသည်။

“မနေ့က တချို့ပြန်တယ် လမ်းမှာပဲတိုက်ပွဲကြားရောက်သွားတော့ လက်နက်ကြီးထိပြီး ၃ယောက်သေတယ် ၅ ယောက် ဒဏ်ရာရတယ် ဒီနေ့အခြေအနေလည်း မသိရသေးဘူး။” ဟု စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

အဆိုပါစစ်‌ရှောင်များသည် မိုင်းယော်ဒေသဈေးတွင် ကျေးရွာ ၃ခုမှ စစ်ရှောင် ၅၀၀ ဝန်းကျင် ခေတ္တခိုလှုံနေရမှ နေရာအခက်ခဲများရှိသည့်အတွက် နေရပ်ပြန်ခိုင်းရာမှ ယခုကဲ့သို့ နေရပ်ပြန်ရာလမ်းတွင် လက်နက်ကြီးထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည်ထိမှန်‌ သေဆုံးသွားသော စစ်ရှောင်များသည် ပန်နန်းရွာမှ တိုက်ပွဲရှောင်လာသူများဖြစ်ပြီး နေရပ်အပြန်လမ်း၊ လုံတက်ရွာအနီးတွင် လက်နက်ကြီးထိမှန်ကာ ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ကျည်ထိမှန်သေဆုံးသူများမှာ  ဒေါ်အေးမြ အသက် ၃၀နှစ်၊ ဒေါ်အေးကျော်၊လွေးအေးကျမ် အသက် ၅နှစ်တို့ဖြစ်ကာ ဒဏ်ရာရရှိသူများသည် လွေးအေးစိန်၊ လွေးအေးလော့၊ လွေးအေးမန်၊ လွေးအေးခမ်းနဲ့ မိုင်းအလတို့ဖြစ်ကြောင်း သိရသည်။

“အဲလက်နက်ကြီး ဘယ်အဖွဲ့ကပစ်လိုက်တာလဲ မသိဘူး လမ်းမှာ စစ်ကောင်စီတပ်ရော ရခိုင်ရောပိတ်ထားတယ် မဟာမိတ် ၃ဖွဲ့လုံးပါတယ်။” လို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကပြောသည်။

လတ်တလော ၎င်းဒေသတွင် စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်တို့ တိုက်ပွဲဖြစ်နေပြီး စစ်ရေး အခြေအနေတင်းမာနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button