လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ချောင်းဦး အိမ်ခြေ ၂၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး  ပုလဲမြို့နယ် ချောင်းဦးကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်မှ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး‌နေကြောင်း ဒေသခံများမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်အချိန်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗျူစောထီများ ချောင်းဦးရွာထဲသို့ လက်နက်ကြီးများ ပစ်ဖောက်ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်မီးရှို့သွားကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”လောလောဆယ်အခြေအနေကတော့ ရွာလုံးကျွတ်နီးပါးမီးထဲမှာပါသွားတယ်ဗျ။ သူတို့က ရွာထဲကိုမီးငြိမ်းလို့မရအောင်ရွာပြင်ဘက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ခြောက်လန့်ပစ်ခတ်ပြီး ရှို့သွားတာ အကုန်လုံးနီးပါးမီးထဲပါသွားတယ်ဗျ။”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ချောင်းဦးကျေးရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်၊ လူဦးရေလေးထောင်နီးပါးရှိသည့်ကျေးရွာဖြစ်ပြီး လတ်တလော စစ်ကောင်စီတပ်၏ ရွာအတွင်း မီးရှို့ပစ်ခတ်နေသည့်အတွက် ရွာလုံးကျွတ်ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

”လောလောဆယ်တော့ တစ်ရွာလုံးရှောင်နေရတယ်ဗျ ရွာနဲ့ဝေးရာကိုရှောင်နေရတယ်ဗျ။ သူတို့က အဝေးကနေလာပြီးတော့မီးရှို့သွားတာဗျ ရွာထဲမှာတော့မရှိတော့ဘူး” ဟု ပုလဲဒေသခံတစ်ဦးကပြောသည်။

လတ်တလောတွင် မီးဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အဝတ်အထည်များခက်ခဲနေပြီး နေရာထိုင်ခင်းလည်းအခက်တွေ့နေရကြောင်းသိရသည်။

ပုလဲမြို့နယ်အတွင်းတွင် ယခုချောင်းဦးရွာ အပါအဝင် ရွာပေါင်းခြောက်ရွာအထိမီးရှို့ဖျက်ဆီးခံရပြီဖြစ်ပြီး ယခင်လက လောကားရွာ၊ ကိုင်းကျွန်းရွာ၊ ပန်းရွာ၊အင်မထီးရွာ၊ မွေ့လုံရွာမီးရှီို့ဖျက်ဆီးခံခဲ့ရပြီးစုစု ပေါင်းအိမ်ခြေ ၁၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်းသိရသည်။

Data For Myanmar ၏ ‌ဖော်ပြချက်အရ ဖေဖော်ဝါရဖိလ လဆန်းမှ ၁၄ ရက်နေ့ထိ တစ်နိုင်ငံလုံးမီးရှို့ခံရသည့် အိမ်ခြေပေါင်း ၄၅၇၁ အိမ်ရှိသည့်အနက် စစ်ကိုင်းတိုင်းတွင် အများဆုံး ၂၅၆၇ အိမ်ထိပါဝင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button